မောင်းသူမဲ့လေယာဉ်ရောင်းချမှု ရပ်တန့်ပေးရန် အီရန်ကို ယူကရိန်းနိုင်ငံသားများ တောင်းဆိုဆန္ဒပြ

ရုရှားနိုင်ငံကို မောင်းသူမဲ့လေယာဉ်တွေ ရောင်းချနေတာကို အီရန်က ရပ်တန့်ပေးဖို့ ယူကရိန်း နိုင်ငံသားတွေဟာ အောက်တိုဘာ ၁၇ ရက်က ကိယက်ဗ်မှာရှိတဲ့ အီရန်သံရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ယူကရိန်းအလံတွေနဲ့ နဖူးစည်းစာတန်းတွေကို ဝှေ့ယမ်းပြီး ကီယက်ဗ်မြို့လယ်ရှိ ရှက်ဗ်ချန်ကစ်ဗ်စကီး နယ်မြေအစွန်မှာ "ကာမီကာဇီ" မောင်းသူမဲ့ ဒရုန်း လေယာဉ်တစ်စင်းက လူနေတိုက်ခန်းတစ်ခန်းကို ဝင်တိုက်မိချိန်မှာ သေဆုံးသွားရသူတွေကို အောက်မေ့ပြီးတော့ ဖယောင်းတိုင်မီးထွန်း ဂုဏ်ပြုခဲ့ကြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ကိုယ်ဝန် ၆ လရှိ အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ အဖော်အပါအဝင် လူလေးဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ ပစ်မှတ်ကိုပျံသန်းပြီး ဖောက်ခွဲပစ်တတ်တဲ့ အီရန်လုပ် အသေခံ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းက ပြောပါတယ်။
အီရန်အနေနဲ့ ရုရှားကို မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ပေးနေတာကြောင့် အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံကြား ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကို ထောက်ခံတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်ကြောင်း အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က သဘောတူညီခဲ့ကြပါတယ်။
အီရန်ကတော့ သူတို့ဟာ ဒရုန်းတွေကို ရုရှားဆီပေးတယ် ဆိုတာကို အောက်တိုဘာ ၁၇ ရက်မှာ ငြင်းဆိုခဲ့ပြီး ရုရှားကတော့ မှတ်ချက်မပေးပါဘူး။