ယင်းမာပင်နှင့် ကလေးမြို့များတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာ ၂၀ ရက် မနက် ၆ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရင်ပေါင်တိုင်ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့နေရာဟာ ဇီးဖြူကုန်းကျေးရွာအနီးမှာဖြစ်ပြီး အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကင်းပုန်းဝပ်လာတာ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးခဲ့သလို PDF အဖွဲ့ဘက်ကလည်း ၁ ယောက် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PDF အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ရင်ပေါင်တိုင်ကျေးရွာကို အောက်တိုဘာ ၁၉ ရက်က ဒုတိယအကြိမ် ထပ်မံတပ်စွဲနေထိုင်တာဖြစ်ပြီး အဲဒီလိုဝင်ရောက်မှု ၂ ကြိမ်စလုံးမှာ လေကြောင်းကနေ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံတချို့ သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပြီး ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေလည်း ရှိပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျား အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“လုံခြုံရေးရယူတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်း ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တာ။ ထိခိုက်ဒဏ်ရာကတော့ ရနိုင်တယ်။ ကျနော်တို့လည်း ပစ်ပြီး ပြေးရတဲ့အခြေအနေဆိုတော့။”
လျှပ်စစ်မီတာအသုံးပြုခ ပေးသွင်းရတဲ့ အဆောက်အဦဘက်ခြမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာကို ပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အထိအခိုက်ရှိမရှိ မသိရသေးဘဲ စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ကို သေနတ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“အသံတော့ကြားလိုက်တယ်။ ကြောက်လို့ အပြင်တော့ ထွက်မကြည့်ဘူး။ ပေါက်ကွဲသံကြားပြီးတဲ့နောက်မှာ သေနတ်သံတွေလည်း ကြားတယ်။ အဲ့ရုံးဝန်းထဲမှာ ရုံးဝန်ထမ်း ပစ်သတ်ခံရပြီးကတည်းကစပြီး စစ်သားတွေစောင့်တော့တာ။ ဆေးရုံကားတွေ လာတာတော့ မတွေ့ဘူး။”
အဆိုပါ လျှပ်စစ်ရုံးဝန်းအတွင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က လျှပ်စစ်ရုံးဝန်းအတွင်းနေထိုင်သူ ခရိုင်မှူး ဦးမြင့်အောင်နိုင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ လျှပ်စစ်ရုံးဝန်းအတွင်းမှာ တပ်စွဲနေထိုင်လာတာလည်း ဖြစ်ပါတယ်။