အခွင့်အရေး အသုံးမချနိုင်ပါက ပေးဆပ်ရမြဲဟု အာဆင်နယ်နည်းပြပြော

ပရီးမီးယားလိဂ်မှာ အခွင့်အရေးတွေကို အသုံးမချနိုင်တဲ့အသင်းက ပေးဆပ်ရစမြဲဖြစ်တယ်လို့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက ပြောပါတယ်။
မနေ့ညတုန်းက ဆောက်သမ်တန်အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့ အသင်းတိုက်စစ်ကို နည်းပြအာတီတာက ရည်ညွှန်း ပြောခဲ့တာပါ။
အာဆင်နယ်ဟာ ပထမပိုင်းမှာကတည်းက ချာကာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ အများအပြားရခဲ့ပေမယ့် တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုက အသုံးမချနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ဘူး။ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေချိန်မှာ ရလာတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ရင် ပေးဆပ် ရမှာပါပဲ။ ပထမပိုင်းမှာ လုံးဝထိန်းချုပ်နိုင်ခဲ့သလောက် ဒုတိယပိုင်းမှာတော့ ဘောလုံးပေးပို့မှုတွေ လွဲချော်ပြီး ကိုယ့်ကိုယ်ကိုယ် ပြဿနာတွေ ရှာမိတော့တာပဲ”လို့ နည်းပြအာတီတာက ပြောပါတယ်။
အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်ဟာ ဆောက်သမ်တန်ကို သရေရလဒ်သာ ကစားနိုင်ခဲ့လို့ ဒုတိယနေရာကမန်စီးတီးနဲ့ ရမှတ်နှစ်မှတ်သာကွာဟတော့တာ ဖြစ်ပါတယ်။