close

မကြာမီ နိုင်ငံရေးအရွေ့တခု ဖော်ဆောင်မည်ဟု ကေအိုင်အိုပြော

မကြာမီကာလအတွင်း ကေအိုင်အိုဗဟိုကော်မတီက နိုင်ငံရေးအရွေ့တခုကို ဖော်ဆောင်သွားမှာ ဖြစ်ပြီး အဲဒီနိုင်ငံရေးအရွေ့ ဖော်ဆောင်တဲ့အခါ ကေအိုင်အို ပါတီဝင်တွေ၊ ပြည်သူတွေနဲ့ ကေအိုင်အိုဝန်ထမ်းတွေအားလုံး အားသွန်ခွန်စိုက်ပါဝင်သွားကြဖို့ ကေအိုင်အို ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။  

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး ရှုပ်ထွေးကျပ်တည်းသွားတဲ့ အခင်းအကျင်းကို ရောက်ရှိသွားပြီး ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရပေမဲ့လည်း တဖက်မှာ ထွက်ရှိလာတဲ့အဖြေက အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ဖျက်ပစ်ရမှာဖြစ်ပြီး ဒီလုပ်ဆောင်ချက်မှာ ကေအိုင်အိုကလည်း ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ပါဝင်ရမယ်၊ တာဝန်ယူရမယ်၊  ဦးဆောင်ရမယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာကျရောက်တဲ့ ကေအိုင်အိုတည်ထောင်ခြင်း ၆၂ နှစ်မြောက်နေ့ မိန့်ခွန်းမှာကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လက ပြောပါတယ်။ 

အဲဒီလိုလုပ်ဆောင်မှ မိမိတို့လိုလားတဲ့ အခွင့်အရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မဲ့ အခင်းအကျင်းဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပင်လုံစာချုပ်ဟာ ၁၉၄၇ ဖွဲ့စည်းပုံဥပဒေရဲ့ လွှမ်းမိုးချေဖျက်တာကိုခံရတဲ့အတွက် တိုင်းရင်းသားလူမျိုးတွေ တော်လှန်လာရခြင်းဖြစ်ပြီး နိုင်ငံတော်ရဲ့  အချုပ်အခြာအာဏာကို စစ်တပ်က ထာဝရဦးဆောင်ချုပ်ကိုင်သွားမဲ့ စစ်အာဏာရှင်စနစ်ကြောင့် ပြည်တွင်းစစ်ကို ပိုမိုတောက်လောင်စေပြီး တနိုင်ငံလုံး အဖက်ဖက်က ဆင်းရဲကျပ်တည်းခက်ခဲစေခဲ့တယ်လို့  ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။ 

အရင်က လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးလုပ်ငန်းတွေနဲ့ အခုမျက်မှောက်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နက်နက်နဲနဲ ဆန်းစစ်သုံးသပ်ပြီး ပိုကောင်းမွန်တဲ့ လုပ်ငန်းစဉ်တွေကိုချမှတ်လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းမှာ ပြောကြားထားပါတယ်။ 

ကေအိုင်အိုဟာ ဘယ်လိုစစ်ရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကိုမဆို ဖြတ်ကျော်နိုင်ခဲ့သလို ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ကမ္ဘာ့ရေးရာတွေနဲ့ ကြုံတွေ့ရင်ဆိုင်လာရတဲ့အခါမှာဖြစ်စေ ကေအိုင်အို ခေါင်းဆောင်အဆက်ဆက်က မိမိတို့ ကေအိုင်အိုရဲ့ မူလနိုင်ငံရေးလမ်းစဉ်နဲ့ သွေဖယ်သွားခြင်းမရှိဘဲ ခိုင်ခိုင်မာမာ ရပ်တည်ကာ ဦးဆောင်လာခဲ့ပြီး ကေအိုင်အိုဟာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအဖြစ် ဖြစ်တည်နေပြီဖြစ်ကြောင်း ကေအိုင်အို ဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာ တွေ့ရှိရပါတယ်။

လက်ရှိအခင်းအကျင်းမှာ တနိုင်ငံလုံး စစ်အာဏာရှင်ကို ကျရာနေရာကနေ တော်လှန်နေတဲ့ အချိန်ကာလမှာ ကေအိုင်အိုဝန်ထမ်းတွေအနေနဲ့လည်း စံနမူနာအဖြစ် ကျရာတာဝန်ထမ်းဆောင်ကြဖို့နဲ့ မိမိတို့ကြောင့် အရပ်သားပြည်သူ သေဆုံးတာတွေ မရှိစေဖို့ သတိပြုကြဖို့လည်း မိန့်ခွန်းမှာ ပါရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up