close

ပုသိမ်အကျဉ်းထောင်သို့ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်အကျဉ်းထောင်ထဲကို အောက်တိုဘာ ၂၀ ရက်က စတင်ပြီး ထောင်ဝင်စာပို့ခွင့် ရက်အကန့်သတ်မရှိ စစ်ကောင်စီက ပိတ်ပင်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်ထောင် ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေက ကား ၂ စီးနဲ့လာပြီး နိုင်ငံရေး အကျဉ်းသားတွေကိုရော အခြားအကျဉ်းသားတွေကိုပါ ထောင်ဝင်စာပို့ခွင့်ပိတ်ဖို့ လာညွှန်ကြားခဲ့တာလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

“အင်းစိန်ထောင် ဗုံးပေါက်တဲ့နေ့လယ်ပိုင်းကတည်းက လာပိတ်တာ။ စစ်ကား နှစ်စီးနဲ့လာပြီ ပြောသွားတာ။ ထောင်ထဲလည်း ပတ်ရှာသွားသေးတယ်။ ဗုံးရှာသလို မိုင်းရှာသလိုမျိုးနဲ့ ကြောက်နေပုံရတယ်။ ရက်အကန့်သတ် မရှိပိတ်ဖို့နဲ့ သူတို့လာပြောမှ ထောင်ဝင်စာပြန်သွင်းဖို့မှာသွားတာ”လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

အကျဉ်းထောင်အတွင်း ထောင်ဝင်စာပို့ခွင့် စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ပင်ခံတာကြောင့် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီး နစ်နာစေသလို ကျန်းမာရေးနဲ့ ပုံမှန် ဆေးသောက်နေရသူတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“ပိတ်လိုက်တော့ ပုံမှန်ဆေးတမျိုးမျိုးသောက်နေရတဲ့ ရောဂါအခံရှိသူတွေအတွက် ပိုခက်ခဲလာတာပေါ့။ ကျန်းမာရေးကိစ္စတွေက ထောင်ထဲမှာ အဆင်မပြေဘူးလေ။ ဒါက ထောင်ကျဖူးသူတိုင်းလည်း သိပါတယ်။ ကျွေးတဲ့ထမင်းကလည်း အဲ့လောက် အကောင်းကြီးမဟုတ်ဘူး။ အဲ့တော့ အစာအဟာရလည်းမရှိ ဆေးကလည်း မသောက်ရဆို ပိုပြီးတော့ ကျန်းမာရေးထိခိုက်လာနိုင်တယ်”လို့ ပြောပါတယ်။

ထောင်ဝင်စာပို့ခွင့်မပိတ်ခင်က တပတ်ကို သုံးရက် ထောင်ဝင်စာပို့ခွင့်ရပြီး ထောင်ဝင်စာလာပို့သူရဲ့ အချက် အလက်တွေယူကာ အကျဉ်းသား တယောက်ကို ဟင်းဘူး ငါးဘူးထိပို့ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်ထဲမှာ ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသား ၃၀၀ ကျော်နဲ့ အမျိုးသမီး ၇၀ ကျော် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရပြီး အဲ့အထဲက ၁၀၀ ကျော်က ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တွေက ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ကလည်း ထောင်ဝင်စာပို့ခွင့်ပိတ်ပင်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြလို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးခဲ့ရတယ်လို့ အကျဉ်းထောင် အသိုင်းဝိုင်းက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up