close

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများအတွက် အရေးပေါ်ဆေးကုသရေးအဖွဲ့များကို သွားခွင့်ပြုရန် AI တောင်းဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာ ပြင်းထန်ရခဲ့သူတွေအတွက် အရေးပေါ်ဆေးဝါးကုသရေးအဖွဲ့တွေကို သွားရောက်ကူညီခွင့်ပေးဖို့ စစ်ကောင်စီကို   နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  (AI)က ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။

အောက်တိုဘာ ၂၃ ရက်ညက ဖားကန့်၊ အနန့်ပါမှာ ကျင်းပနေတဲ့ KIO ၆၂ နှစ်မြောက် နှစ်ပတ်လည်ဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ အပါအဝင် အနည်းဆုံး လူ ၅၀ ကျော်သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

အနန့်ပါအနီးတဝိုက်မှာလည်း စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်ရှိနေတာကြောင့် တချို့လူနာတွေကို ကုသဖို့အတွက် မြို့ပေါ်ကိုကယ်ထုတ်လာဖို့ အခက်အခံတွေရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ဒေသဆိုင်ရာလက်ထောက်ဒါရိုက်တာ ဟာနာယန်းက “လေကြောင်းတိုက်ခိုက်မှု ခံလိုက်ရတာကြောင့် ထိခိုက်သွားတဲ့ ပြည်သူတွေအတွက် အရေးပေါ်ဆေးဝါးကုသရေးအဖွဲ့တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမယ့် အဖွဲ့တွေကို စစ်တပ်က နယ်မြေထဲ ချက်ချင်းသွားလာခွင့်ပြုမှရမယ်”လို့ ပြောပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေကို အရှိန်မြှင့်တိုက်ခိုက်နေတဲ့ စစ်တပ်က ပြည်သူလူထုရဲ့ အသက်တွေကို ထောက်ထားညှာတာခြင်းမရှိတာကို ပြလိုက်တာဖြစ်ပြီး ဒီနေရာမှာ အရပ်သားပြည်သူတွေရှိနေတာကို စစ်တပ်က မသိဘူးဆိုတာ ယုံနိုင်စရာမရှိဘူးလို့လည်း ပြောပါတယ်။

စစ်ကောင်စီကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး  စစ်တပ်အနေနဲ့  KIA တပ်မဟာ(၉) နယ်မြေကို လိုအပ်တဲ့ စစ်ဆင်ရေးတွေ တန်ပြန်ဆောင်ရွက်ခဲ့တာဖြစ်ပြီး သတင်းဌာနတွေမှာ ဖော်ပြတဲ့ ပြည်သူ ၅၀ ကျော်နဲ့ အနုပညာရှင်တွေ သေဆုံးခဲ့ရသတင်းဟာ ကောလာဟလသာဖြစ်တယ်လို့  ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ဟာ ဥပဒေမဲ့ သတ်ဖြတ်၊ စိတ်ထင်တိုင်းဖမ်းဆီး၊ အရပ်သားတွေကို နှိပ်စက်ကာ အိုအိမ်တွေ ဖျက်ဆီးတာအပါအဝင် ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကို အာဏာသိမ်းပြီးချိန်ကစလို့ ကျူးလွန်နေတာဖြစ်ပါတယ်။

သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်အကြမ်းဖက်မှုတွေပေါ်မှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေက မထိရောက်တာကြောင့် အခြေအနေတွေက ပိုပြီးဆိုးလာနေပါတယ်လို့ ဆိုပါတယ်။

အခုသီတင်းပတ်ထဲမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေဖို့လည်းရှိနေပြီး အခုဖြစ်ရပ်ဟာ မြန်မာ့အရေးအပေါ် အာဆီယံရဲ့ ကိုင်တွယ်ချဉ်းကပ်ပုံကို လုံးဝပြောင်းလဲရတော့မယ်ဆိုတဲ့ အချက်ကို ပေါ်လွင်စေတယ်လို့  ဟာနာယန်းက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အာဆီယံက ပိုပြီးခိုင်မာအားကောင်းထိရောက်တဲ့ အရေးယူမှုတွေဆောင်ရွက်ဖို့ လိုပြီလို့ဆိုပါတယ်။

“ရွာချလိုက်သောကျည်ဆန်မိုး” အမည်နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်ဟာ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်က အရပ်သားတွေကို လေကြောင်းကနေရော မြေပြင်ကနေပါ တိုက်ခိုက်နေသလို စိတ်ထင်တိုင်း ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်နဲ့ ဥပဒေမဲ့ သတ်ဖြတ်၊ အိမ်ရာတွေကို ဖျက်ဆီးလုယက်ခြင်း၊ ရွာတွေကို မီးရှို့ကာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့  ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up