close

ပုလဲနှင့်စစ်ကိုင်းတို့တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဖလံပင်ရွာကို ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ် ၄ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မြေပြင်မှာ PDF စခန်းရှိတာကို သတင်းရသွားပြီး လာရောက်ပစ်ခတ်ခဲ့တာလို့  ဂဠုန်နက်အဖွဲ့ခေါင်းဆောင် ဗိုလ်ဂဠုန်က ပြောပါတယ်။

“ဂျက်ဖိုက်တာ ၂ စီး၊ ရိုးရိုးဂျက်လေယာဉ် ၂ စီးနဲ့လာပစ်တာဗျ။ ထုံးစံအတိုင်းပဲ နှစ်စီးက‌ စစ်သားတွေ မြေပြင်ကိုချတယ်၊ ကျန်နှစ်စီးက ကောင်းကင်ကနေ ပတ်ပစ်တယ်။ ကျနော်တို့ PDFတွေက သတင်းရထားလို့ ကြိုတင်ရှောင်နိုင်ခဲ့တယ်။ စခန်းထဲမှာက စစ်ကောင်စီ ဒလန်တွေကို အချုပ်ခန်းထဲထားခဲ့တာ။ သူတို့ မိသွားတာတော့ ရှိတယ်။ ကျနော်တို့ PDF ကတော့ တစုံတယောက်မှ အဖမ်းမခံရဘူး။ သူတို့ ကျနော်တို့ ဖမ်းထားတဲ့ အချုပ်သားတွေကို မုံရွာ နမခစခန်းစီ လေယာဉ်နဲ့သယ်ပို့နေတယ်။” 

လေယာဉ်နဲ့ လာအပစ်ခံရတဲ့ ဖလံပင်ကျေးရွာဟာ အိမ်ခြေ ၃၀၀ လောက်ရှိပြီး ကျေးရွာနေပြည်သူတွေကတော့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ပေါက္ကားကျေးရွာနဲ့ ဆင်တပ်ကျေးရွာတွေကိုလည်း အောက်တိုဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါဝင် ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ လောက်ဟာ စစ်ကား ၃ စီးနဲ့ အဲဒီနေ့ ညနေ ၃ နာရီခွဲလောက် လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာကို ရမ်းပစ်လာတာ။ သေဆုံးသူ ၁ ဦးရှိတယ်၊ အမျိုးသမီး ၆ ဦးလောက် လက်နက်ကြီးထိတယ်။ နောက်ပြီး မူးမြစ်ထဲက သောင်ပြင်ပေါ်ကျတဲ့ လက်နက်ကြီးကျည်ကြောင့် လူထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပေမယ့် အရေအတွက်အတိကျတော့ မသိရသေးဘူး။”

ဒါ့အပြင် အဲဒီနေ့ ည ၉ နာရီဝန်းကျင်လောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့က လက်နက်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁ နှစ်သားကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ ဒဏ်ရာရခဲ့ပြီး မန္တလေးဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

‌စစ်ကောင်စီတပ်ဖွဲ့ဟာ ညောင်ပင်ဝန်းကျေးရွာကိုလည်း ဝင်ရောက်ရှာဖွေပြီး ကျေးရွာကားဂိတ်အနီး ဆံပင်ညှပ်ဆိုင်က အမျိုးသား ၁ ဦးကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up