close

အစ္စရေးလုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း ပါလက်စတိုင်း ၃ ဦးသေဆုံး

အနောက်ဘက်ကမ်းရှိ နာဘလုစ်မြို့ထဲကို ဝင်ရောက်ခဲ့ကြတဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေအတွင်း ပါလက်စတိုင်းသုံးဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။

ပါလက်စတိုင်း လုံခြုံရေးအရာရှိတွေနဲ့ စစ်သွေးကြွတွေဟာ နာဘလုစ်မြို့ကို ဝင်ရောက်လာတဲ့ အစ္စရေးလုံခြုံရေးအရာရှိတွေကို တွေ့လိုက်ရာကနေ ညတွင်းချင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အစ္စရေးရဲ့ စစ်ဆင်ရေးကို ကန့်ကွက်တဲ့အနေနဲ့ ပါလက်စတိုင်းတွေက အစ္စရေးတပ်တွေကို ခဲတွေနဲ့ပေါက်ကြတဲ့ သီးခြားပဋိပက္ခတခုမှာ ၄ ယောက်မြောက် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ အလုပ်သမားတွေက ပြောပါတယ်။ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ သေဆုံးသူ ၆ ဦး ရှိသွားပါပြီ။

မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ Den of Lions လို့ ခေါ်တဲ့ ဒေသခံအဖွဲ့ကနေ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်နေတဲ့နေရာအဖြစ် အသုံးပြုတဲ့ နေရာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ နေရာကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နာဘလုစ် ပစ်ခတ်မှုမှာ သေနတ်သမား အများအပြား ဒဏ်ရာရခဲ့ပြီး တချို့ဟာ Den of Lions အဖွဲ့ဝင်တွေဖြစ်ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်းတွေရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မတ်လက အနောက်ဘက်ကမ်းမှာ စတင်ဖြိုခွင်းနေချိန်ကတည်းက နာဘလုစ်ဟာ အကြမ်းဖက်မှုတွေ ဖြစ်ပွားလွယ်တဲ့ နေရာတခု ဖြစ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up