close

ဗန်းမော်မြို့အနီး စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုသမီး ၁ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ်က  အောက်တိုဘာ ၂၆ ရက် နေ့လယ် ၂ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်  အရပ်သား ပြည်သူ အမျိုးသမီး တယောက်သေဆုံးပြီး  ကလေးငယ်တယောက် ဒဏ်ရာရသွားပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဗန်းမော်မြို့နဲ့ ငါးမိုင်အကွာက မန်ခွန်ကျေးရွာ လယ်တောမှာ ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ယောက်ကို ထိမှန်သွားတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့ခံတစ်ဦးက "ဗန်းမော်လေဆိပ်နားက တပ်ကနေ လက်နက်ကြီး ၁၈ ကြိမ်လောက်ပစ်တယ်။ အသံလည်း အကျယ်ကြီးပဲ။ ဟိုမိုးမောက်ဘက်နားက တောင်တွေဘက်ကို ပစ်ပေးတာထင်တယ်။ အဲတာ ညနေသတင်းကြားတာက တစ်လုံးက ငါးမိုင် မိုင်ခွန်ရွာနားက လယ်တောမှာကျတာတဲ့။ အဲလယ်တောမှာရှိနေတဲ့ သားအမိကို ထိတာတဲ့။ အမေကတော့ ဆုံးသွားပြီးကြားတယ်။ ကလေးကတော့ ဒဏ်ရာရတယ်ပြောတယ်"လို့ ပြောပါတယ်။

ဗန်းမော်မြို့ပတ်ဝန်းကျင်နားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ  ၁၀ မိုင်အကွာမှာရှိတဲ့ မိုးမောက်မြို့နားက လုံဂျာတောင်ကြောနဲ့ နမ်ဆိုင်ကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်မှုတွေကို လွန်ခဲ့တဲ့ရက်ကနေ စတင်ပစ်ခတ်နေတာပါ။

ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့အထက်နားက လုံဂျာတောင်နဲ့ ဝဝမ်တောင်ကြောတွေမှာ လွန်ခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က  စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ၃ ရက် ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မိုးမောက် လုံဂျာတောင်ကို ၂၂ ရက်နေ့ကနေစပြီး သုံးရက်ဆက်တိုက် တိုက်လေယာဉ်နဲ့လာပစ်တယ်။ မနေ့ကနဲ့ ဒီနေ့တော့ လာပစ်တာ မရှိဘူး။ မိုးအုပ်လို့ တိမ်တွေထူနေလို့လားတော့ မသိဘူး။ ဒီနေ့ ညနေပိုင်းတော့ လေယာဉ်လာဝဲတာ ရှိတယ်။ လက်နက်ကြီးပစ်တဲ့ အသံတွေတော့ ကြားနေရတုန်းပဲ။ ပစ်လိုက် နားလိုက်နဲ့။”

မိုးမောက်မြို့ လုံဂျာတောင် ပတ်ဝန်းကျင်မှာ ပစ်ခတ်မှုတွေ နည်းလာပြီး ဒီနေ့မနက်ပိုင်းကစပြီး မိုးမောက်မြို့နားက နာမ်ဆိုင်ရွာဘက်မှာ ပစ်ခတ်သံတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပိုကြားလာရတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

လက်ရှိအချိန် ဗန်းမော်မြို့ ပတ်ဝန်းကျင်နဲ့ မိုးမောက်မြို့ ပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIP၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး လွန်ခဲ့တဲ့ရက်တွေက ဖြစ်ပွားတဲ့ လုံဂျာတောင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ ဒေသခံတွေကပြောပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up