နယ်လှည့်နေသည့် ကမ္ဘာ့ဖလားကြီး အာဂျင်တီးနားနိုင်ငံရောက်

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကမ္ဘာ့နိုင်ငံတချို့ကို လှည့်လည်နေတဲ့ ဖီဖာ ချန်ပီယံဆုဖလားကြီးဟာ ဗုဒ္ဓဟူးနေ့က မာရာဒိုနာနဲ့ မက်ဆီတို့ရဲ့ ဇာတိမြေဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံကို ဆိုက်ရောက်သွားပါတယ်။
ချန်ပီယံဖလားကြီးကို ကြိုဆိုဖို့ အာဂျင်တီးနား ဘောလုံးအသင်းဝတ်စုံကို ဝတ်ဆင်ထားကြတဲ့ ဘောလုံးပရိသတ်တွေ ကွန်ဗန်းရှင်းစင်တာမှာ တန်းစီ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။
ဘောလုံးပရိသတ်တယောက်ဖြစ်တဲ့ ဆန်တီယေဂို ဘူချာရတ်က “အခုလိုမျိုး ကမ္ဘာ့ဖလား ဆုတံဆိပ်ကြီးနဲ့ အနီးကပ်ရှိနေခွင့်ရတာဟာ ကမ္ဘာပေါ်မှာ အလှပဆုံးပါပဲ။ ဒီချန်ပီယံဖလားကြီးဟာ ဘောလုံးပွဲနိုင်ရင်ရတဲ့ သာမန်ဆုဖလားထက် အများကြီး အဓိပ္ပါယ်ပိုရှိပါတယ်” လို့ ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ ၁၉၇၈ နဲ့ ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ အခုအချိန်အထိ ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားကြီးဟာ ၂၄ နိုင်ငံအထိ လှည့်လည်ခဲ့ပြီး ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင်မှာ နောက်ထပ် ၆ နိုင်ငံကို ခရီးဆက်ဖို့ ရှိနေပါတယ်။