close

နောင်ချိုတွင် နေအိမ် ၁ လုံး ဗုံးပစ်ပေါက်ခံရ ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ ဘူတာရပ်ကွက်ထဲမှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲပြီး  အရပ်သားပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။ 

မနေ့ညနေ ၅ နာရီခွဲလောက်က ဘူတာရပ်ကွက် ကျောက်မဲရှမ်းလမ်းရှိ နေအိမ် တလုံးမှာ  အိမ်ရှင်နဲ့ ဧည့်သည်တွေ အိမ်ရှေ့မှာစကားဝိုင်းဖွဲ့ ပြောဆိုနေစဉ် အပြင်ဘက်ကနေ လက်ပစ်ဗုံးနဲ့ အပေါက်ခံခဲ့ရတာလို့ နောင်ချိုဒေသခံက ပြောပါတယ်။ 

“ဗုံးနဲ့အပစ်ခံရတုန်းက အိမ်ရှင်နဲ့ဧည့်သည်တွေ အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်ပြီးစကားပြောနေကြတာ၊ သူတို့အိမ်ကလမ်းဘေးမှာဆိုတော့လေ၊ ဘယ်သူလာပစ်သွားမှန်းလဲတော့မသိဘူး။ ဆိုင်ကယ်နဲ့လူ နှစ်ယောက်လာပစ်ပြီး ထွက်ပြေးသွားတယ်လို့ ရပ်ကွက်ထဲမှာပြောနေကြတယ်။”

ဗုံးပေါက်ကွဲမှုကြောင့် အိမ်ရှင်အပါအဝင် အမျိုးသား နှစ်ယောက်နဲ့  အမျိုးသမီး သုံးယောက် ဒဏ်ရာရသွားကြောင်း၊ နောင်ချိုပရဟိတအဖွဲ့တွေက သူတို့ကိုနောင်ချိုဆေးရုံအရင်ပို့ပေးပြီး ည ၈ နာရီလောက်မှာတော့ နောင်ချိုဆေးရုံကနေ ပြင်ဦးလွင်စစ်ဆေးရုံကို ထပ်လွှဲပေးလိုက်တယ်လို့ နောက်ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ကျနော်သိရသလောက်တော့ ဒဏ်ရာရတာ အသက် ၄၀ ကျော်လူကြီးတယောက်၊ အသက် ၁၁ နှစ်ရွယ် ကောင်လေး တယောက်။ နောက်ပြီးတော့ ၁၇ နှစ်ရွယ်မိန်းကလေး တယောက်နဲ့ အသက် ၄၀ ကျော် ၅၀ ရွယ် အမျိုးသမီးကြီး နှစ်ယောက် ဒဏ်ရာရပါတယ်။ အဲဒီထဲမှာ ၁၇ နှစ်ရွယ် မိန်းကလေးက ဘယ်ဘက်ပေါင်နဲ့ ညာဘက်လက်တွေထိသွားပြီး ဒဏ်ရာပြင်းတယ်။ ကျန်တဲ့လေးယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ သိရတယ်ခင်ဗျ။”

ဗုံးနဲ့ပစ်ခံရတဲ့အကြောင်းရင်းကိုတော့မသိရပေမဲ့ အိမ်ရှင်ဖြစ်သူမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နီးစပ်သူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နောင်ချိုမြို့ပေါ်မှာ ပြီးခဲ့တဲ့ မေလကလည်း မြို့နယ်ပညာရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up