close

စစ်ကောင်စီက ဖားကန့်ကို ဗုံးကြဲခဲ့မှု တိုကျို မြန်မာသံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြ

အာဏာသိမ်းစစ်ကောင်စီက ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ အောက်တိုဘာ ၂၄ ရက်က တေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေတုန်း စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ဒီကနေ့ညနေပိုင်းက တိုကျို မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကောင်စီက အင်အားအလွန်အကျွံသုံးပြီး ကချင်အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်မှုကို လုံးဝလက်မခံနိုင်လို့ စစ်ကောင်စီလက်အောက်က မြန်မာသံရုံးကို အခုလို ကေအေအို (ဂျပန်) က ဦးဆောင်ပြီး ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ လာရောက်ဆန္ဒပြကြတာပါလို့ ကေအေအို (ဂျပန်) ဥက္ကဋ္ဌ ဦးဂျွန်မျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဒေါ်မာရစ်ဇမ်ဘူးကလည်း “စစ်ကောင်စီက အရပ်သား ကချင်ပြည်သူတွေကို အစုအပြုံလိုက် ဗုံးကြဲသတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ နောက်ပြီး ဂျပန်အစိုးရ အတွင်းဝန်ချုပ်ကလည်း ဖြစ်ပြီး ချက်ချင်း ၂၅ ရက်နေ့က ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့တယ်။ ဒါကြောင့် ဂျပန်အစိုးရ အပါအဝင် နိုင်ငံတကာက အကြမ်းဖက် စစ်ကောင်စီကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ဒီဗွီဘီကို ရှင်းပြခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ၆၂ နှစ်မြောက် ကေအိုင်အိုနေ့ အထိမ်းအမှတ်အတွက် တေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ အများအပြား သေဆုံးရတဲ့ဖြစ်ရပ် အပါအဝင် လတ်တလော အကြမ်းဖက် တိုက်ခိုက်မှုတွေကို အောက်တိုဘာ ၂၅ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာက အပြင်းအထန် ရှုတ်ချပြောဆိုခဲ့သလို ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မစ္စတာ မာဆုနော့ ဟီယိုခဇုကလည်း စစ်ကောင်စီရဲ့ အင်အားသုံး ကြမ်းတမ်းမှုတွေကို ရပ်တန့်ဖို့နဲ့ အခုနောက်ဆုံး ဖြစ်ပွားခဲ့တာကို အင်မတန်စိုးရိမ်တယ်၊ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချတယ်လို့ ပြောကြားခဲ့ပါတယ်။

ကိစ္စရပ်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းရေး လုပ်ဆောင်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး ဒီမိုကရက်တစ်အစိုးရ ပြန်လည်ပေါ်ပေါက်လာရေးကို အမြန်ဆုံး လုပ်ဆောင်ဖို့လည်း မစ္စတာမာဆုနော့က တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up