close

မြန်မာတွင် အကြမ်းဖက်မှုများချက်ချင်းရပ်ပြီး ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာရန် အာဆီယံတိုက်တွန်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားပြင်းထန်လာနေတဲ့အပေါ်  လွန်စွာစိုးရိမ်ပူပန်မိတဲ့ အကြောင်းနဲ့  အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာကြဖို့ အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက  ထုတ်ပြန်ချက်ကြေညာလိုက်ပါတယ်။

အင်းစိန်ထောင်မှာဗုံးပေါက်ကွဲတာ၊ ကရင်ပြည်နယ်မှာ အခြေအနေတင်းမာနေတာ၊ နောက်ဆုံးကြားသိရတဲ့ လူပေါင်းများစွာသေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ ကချင်ပြည်နယ်အတွင်း အရပ်သားလူစုလူဝေးအပေါ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်တာအပါအဝင် လတ်တလော မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားပြင်းထန်လာတဲ့အပေါ် အာဆီယံအဖွဲ့က လွန်စွာစိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။

ဗုံးကြဲမှုမှာ သေဆုံးခဲ့ရသူတွေနဲ့ မြန်မာနိုင်ငံက သာမန်အရပ်သားတွေ ခံစားကြုံတွေ့နေရတဲ့ ဆိုးရွားပြင်းထန်တဲ့ အခြေအနေတွေအတွက်လည်း လွန်စွာဝမ်းနည်းမိပါတယ်လို့ အာဆီယံ ဥက္ကဋ္ဌ က ထုတ်ပြန်ချက်မှာပြောပါတယ်။

မြန်မာနိုင်ငံတဝန်းက လူနေမှုဘဝ အခြေအနေတွေကို ပိုမိုဆိုးရွားစေရုံသာမကပဲ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ရဲ့ ဦးတည်ချက်နဲ့ သွေဖယ်ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံဥက္ကဋ္ဌကခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေကိုပါ အားလျော့စေတဲ့ ပြင်းထန်လာနေတဲ့ လတ်တလော တိုက်ပွဲတွေကို  အာဆီယံက သတိထားပြီး စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အကောင်းဆုံး ကြိုးစားထိန်းသိမ်းကြဖို့ အာဆီယံက အလေးအနက် တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး၊ ပြည်ထောင်စုပြန်လည်သင့်မြတ်ရေးနဲ့ အားလုံးပါဝင်တဲ့အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့အတွက် လက်တွေ့မြေပြင်မှာ အင်အားရှိနေတဲ့ အဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကို ငြိမ်းချမ်းစွ အဖြေရှာနိုင်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အရေးပေါ်အစည်းအဝေးတရပ်ကို  လာမယ့် ကြာသပတေးနေ့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေစုပေါင်းပြီး အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင်  အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံကိုလည်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်းမြို့မှာ လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပဖို့ ရှိနေပါတယ်။

Photo Credit- Cambodian PM

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up