close

ယူရိုပါလိဂ်တွင် ရှရစ်အသင်းကို မန်ယူအနိုင်ရ၊ အာဆင်နယ်အသင်း ပထမဆုံးရူံးပွဲတွေ့

ဒီမနက်အစောပိုင်း ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ မန်ယူအသင်း ဂိုးပြတ်နိုင်ပွဲရခဲ့ပေမယ့် အာဆင်နယ်အသင်းကတော့ ပထမဆုံး ရှုံးပွဲတွေ့သွားပါတယ်။

မန်ယူအသင်းဟာ မော်ဒိုဗာကလပ် ရှရစ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားခဲ့တာဖြစ်ပြီး ၃ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တာပါ။

ပထမပိုင်းပြီးခါနီးအထိ ဂိုးရဖို့ရုန်းကန်ခဲ့ရတဲ့မန်ယူဟာ ပွဲချိန် ၄၄ မိနစ်မှာ ဒါလော့က ခေါင်းတိုက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာ ရက်ရှ်ဖို့ဒ် ၊ ၈၁ မိနစ်မှာ စီရော်နယ်ဒိုတို့က အနိုင်ဂိုးတွေ ထပ်သွင်းခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် မန်ယူအသင်းက အုပ်စုဒုတိယနေရာမှာရပ်တည်နေပြီး နောက်တဆင့်တက်ဖို့ သေချာစေခဲ့ပါတယ်။

နောက်ဆုံးပွဲစဉ်မှာ ဆိုစီဒက်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး အုပ်စုပထမနေရာအတွက်ပဲ ယှဉ်ပြိုင်သွားရမှာပါ။ 

အစောပိုင်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်ကတော့ အဝေးကွင်းမှာ ဟော်လန်ကလပ် ပီအက်စ်ဗွီကို ၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

အရန်ကစားသမား  ၅ ဦးအသုံးပြုခဲ့တဲ့ အာဆင်နယ်ဟာ ပီအက်စ်ဗွီအပေါ် အသားစီးမရခဲ့ဘဲ ထိုက်တန်တဲ့ရူံးပွဲတွေ့ခဲ့ရတာပါ။

ဒါပေမဲ့ အုပ်စုပထမနေရာမှာဆက်လက်ရပ် တည်နေပြီး ဒုတိယနေရာကပီအက်စ်ဗွီကို ၂ မှတ်ဖြတ်ထားဆဲဖြစ်ပါတယ်။ လက်ကျန်တစ်ပွဲမှာ အနိုင်ရရင်တော့ အာဆင်နယ်တို့ အုပ်စုပထမနဲ့ နောက်တဆင့်တက်ရောက်မှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up