close

Myanmar Diaries မှတ်တမ်းရုပ်ရှင် အော်စကာစာရင်း တင်သွင်းခံရ

၂၀၂၂ ခုနှစ်အတွင်း ဘာလင်ရုပ်ရှင်ပွဲတော်မှာ မှတ်တမ်းရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့တဲ့ “Myanmar Diaries” ဇာတ်ကားဟာ လာမယ့်နှစ် အော်စကာဆု (အကောင်းဆုံးမှတ်တမ်းရုပ်ရှင်အမျိုးအစား) အတွက် တင်သွင်းခံခဲ့ရပါတယ်။

နယ်သာလန်နိုင်ငံက တင်သွင်းတဲ့ ဇာတ်ကား ၃ ကားထဲမှာ Myanmar Diaries ဟာ တကားအပါအဝင် ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ရဲ့ အခြေအနေတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တရားမဝင် အာဏာသိမ်းမှု ဖြစ်စဉ်အပြီး ဒီဗွီဘီသတင်းထောက်ရဲ့ မြေပြင်မှာ သတင်းရယူထားတဲ့ မှတ်တမ်းတွေကိုလည်း စုစည်းတင်ပြထားပါတယ်။

မှတ်တမ်းရုပ်ရှင်ဇာတ်ကားအတွင်း မြိတ်မြို့ကနေအိမ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတဲ့ ဒီဗွီဘီသတင်းထောက် ကိုအောင်ကျော်ရဲ့ အဖြစ်အပျက် တိုက်ရိုက်ထုတ်လွှင့်မှု မှတ်တမ်းတွေကိုလည်း တင်ဆက်ထားတဲ့အပြင် စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ထည့်သွင်းပြသထားပါတယ်။

မြန်မာနိုင်ငံမှာ အလျှင်အမြန် ပျက်ယွင်းလာတဲ့ မီဒီယာလွတ်လပ်ခွင့် အခြေအနေတွေကြောင့် မှတ်တမ်းရုပ်ရှင် ဖန်တီးသူတွေနဲ့ ဖြန့်ချိသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မဖော်ပြထားပါဘူး။ စစ်အာဏာသိမ်းပြီးနောက် အနည်းဆုံး မီဒီယာလုပ်ငန်း ၁၂ ခုဟာ ထုတ်ဝေခွင့် ရုပ်သိမ်းခံထားရပါတယ်။

ဒီဗွီဘီက စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ စုစုပေါင်း သတင်းထောက် ၁၅၃ ယောက် ဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲက ၈၂ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ၆၇ ယောက်ဟာ အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲ့ဒီထဲက ၃၁ ယောက်ဟာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံထားရပါတယ်။ သူတို့တွေဟာ ထောင်ဒဏ် အနည်းဆုံး တနှစ်ခွဲကနေ အများဆုံး ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခံထားရတာပါ။ အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ သတင်းထောက်လည်း ၄ ယောက်ရှိပြီ ဖြစ်ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ထဲ မြန်မာနိုင်ငံက အောက်ဆုံးကို ရောက်ရှိနေပြီး အဆင့် ၁၇၆ မှာ ရှိနေပါတယ်။

၂၀၂၃ ခုနှစ်အတွက် တရားဝင် အော်စကာ ဆန်ခါတင်စာရင်းတွေကိုတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up