စီးရီးအေကလပ် မွန်ဇာကစားသမား ပါဘလိုမာရီ ဓားထိုးခံရ

အီတလီနိုင်ငံ မွန်ဇာမြို့ ဘောလုံးအသင်းရဲ့ ကစားသမား ပါဘလိုမာရီနဲ့ တခြားသူ ၄ ယောက်ဟာ မီလန်အပြင်ဘက်က အက်ဆာဂိုမြို့ ရှော့ပင်းမောလ်တခုမှာ ဓားထိုးခံခဲ့ရကြောင်း ANSA သတင်းဌာနက အောက်တိုဘာ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဘီဘီစီသတင်းမှာတော့ အသက် ၄၆ နှစ်အရွယ် သံသယရှိသူကို ဖမ်းဆီးထားပြီး စူပါမားကက်မှာ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ပြောပါတယ်။ ဘိုလီးဗီးယားနိုင်ငံသားတယောက် သေဆုံးသွားကြောင်း အီတလီရဲတပ်ဖွဲ့က ပြောပါတယ်။
မွန်ဇာအသင်း အမှုဆောင်အရာရှိချုပ် အက်ဒရီယာနို ဂါလီယာနီက “ပါဘလိုမာရီရဲ့ နောက်ကျောမှာ အတော်လေးနက်တဲ့ ဒဏ်ရာတခုရရှိခဲ့ပြီး ကံကောင်းလို့ အသက်အန္တရာယ်အတွက် အရေးကြီးတဲ့ အဆုတ်နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကို မထိမိခဲ့ပါဘူး။ သူ့အသက်အန္တရာယ် မစိုးရိမ်ရပါဘူး၊ သူ အမြန်ပြန်ကောင်းလာမှာပါ” လို့ စကိုင်း အီတလီ ရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် စပိန်ဗဟိုခံစစ်ကစားသမား မာရီဟာ အာဆင်နယ်ကနေ စီးရီးအေကလပ် မွန်ဇာမှာ အငှားနဲ့ သွားရောက်ကစားနေတာ ဖြစ်ပါတယ်။
အာဆင်နယ်ကလည်း ပါဘလိုရဲ့အေးဂျင့်နဲ့ အဆက်အသွယ်ရပြီး သူ ဆေးရုံတက်နေရကြောင်း၊ ဒဏ်ရာမပြင်းထန်ကြောင်း သိရတယ်လို့ ထုတ်ပြန်ထားပါတယ်။