close

လွိုင်ကော်တွင် စစ်တပ်ပစ်သည့် လက်နက်ကြီးကျ၊ ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာမှာ ဒီကနေ့ နေ့လယ် ၁ နာရီလောက် စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ပြီး ၄ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ပီကင်းကောခူ ရွာသားတယောက်က “ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်လောက် ကျနော့်ရွာမှာပဲကျတယ်။ ၇ နှစ်အရွယ် ကလေးပွဲချင်းပြီးသွားတယ်။ ၄ ယောက် ဒဏ်ရာရတယ်။ အဲဒီ ၄ ယောက်ကလည်း အသက်ရှင်မလား မပြောတတ်ဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရလူနာတွေကို ရွှေလွိုင်ကော်ပရဟိတအသင်းက နိုးကိုးကျေးရွာကနေတဆင့် သွားရောက်သယ်ဆောင်လာခဲ့ကြောင်း အသင်းရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေမှာ အသက် ၁၀ နှစ်ရွယ် မောင်နိုင်ထူး၊ အသက် ၁၃ နှစ်အရွယ် မောင်ဘဲတို၊ အသက် ၂၀ အရွယ် မောင်ဒူနဲ့ အသက် ၃၃ နှစ်အရွယ် ဦးဂရစ်ချက်တို့ ဖြစ်တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေထဲ အသက် ၁၃ နှစ်အရွယ် မောင်ဘဲတိုမှာ ဝမ်းဗိုက်ထိမှန်ပြီး အူထွက်တဲ့အထိ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ညနေ ၄ နာရီလောက်မှာလည်း ဆောင်ကန်းကျေးရွာတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“အခု ကျနော်တွေ့နေတယ်။ ဆောင်ကန်းမှာ ဖုန်တွေတော့ထနေတယ်။ အခုပဲလေ။”

ဆောင်ကန်းမှာ ကျရောက်ပေါက်ကွဲမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီကနေ့မနက် ၄ နာရီလောက်ကလည်း ပီကင်းကောခူနဲ့ ရွာချင်းဆက် ဝါရီကောခူမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာထဲကျရောက်ပြီး လူ ၃ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝါရီကောခူရော၊ ပီကင်းကောခူက ဒေသခံတွေမှာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သူတို့တွေ အရင်ကလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တိုက်ပွဲငြိမ်လာချိန်မှာ ပြန်လည်အခြေချရာကနေ ထပ်မံထွက်ပြေးရတာလို့ ပီကင်းကောခူ ရွာသားက ပြောပါတယ်။

“အရင်က ရှောင်တယ်။ ပြေးလိုက်၊ ပြန်လာလိုက်၊ အရင်ကဆိုရင် ရွာလုံးကျွတ်ပြေးနေရတယ်။ တိုက်ပွဲဖြစ်လို့ ပြေးလိုက် ပြန်လာလိုက် အဲလိုပဲ။ ဒီနေ့လည်း ထပ်ပြေးရတယ်။”

ပီကင်းကောခူနဲ့ ဝါရီကောခူဟာ ရွာချင်းဆက်သလို ရှမ်း-ကယားနယ်စပ်ကျေးရွာတွေဖြစ်ပြီး မိုးဗြဲမြို့နဲ့လည်း ကပ်လျက်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီပြည် လွိုင်ကော်မြို့အထွက် လွိုင်ကော်-မိုးဗြဲလမ်း ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတာဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် သွားလာမှုမလုပ်ဖို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up