close

စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၄၀၄ ဦးထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၀၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၀၁၆ ယောက်ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၈၀၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၁၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၈၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၀ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ညနေပိုင်းက သံဃသမဂ္ဂ(မန္တလေး) ရဲ့ ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ ဦးကလျာဏ (ခ) ဦးယောကြီးနဲ့ မန္တလေးသပိတ်အဖွဲ့ဝင် ၄ ယောက် ဖြစ်ကြတဲ့ ကိုပိုင်နွေဦး၊ ကိုကောင်း ခန့်ဇော်၊ ကိုနေရဲနဲ့ ကိုဟိန်းမောင်တို့ကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သပိတ်အဖွဲ့ဝင် ၄ ယောက်ဟာ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြပြီး သူတို့ကို ကားနဲ့ တိုက်ကာ ဖမ်းဆီးခဲ့ပြီး ရိုက်နှက် ထိုးကြိတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၈ ရက်ည ၉.၂၀ မိနစ်အချိန်က အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ ၃၅၁ နဲ့ ခလရ ၆၀ တို့မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်တွေဟာ ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ်၊ သစ်ချဆိပ်ကျေးရွာအတွင်းရှိ စားကျက်မြေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆိုပါနေရာမှာ တောင်ယာသွားရောက်လုပ်ကိုင်နေတဲ့ ဒေသခံ ရွာသား ကိုရဲမင်းဦးမှာ နေရာတင် သေဆုံးသွားခဲ့ပြီး သူ့ရဲ့ ညီဖြစ်သူဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up