ရွှေ့ပြောင်းလုပ်သားများကိုယ်တိုင် ကာတာကမ္ဘာ့ဖလားပွဲဆက်ကျင်းပစေချင်ဟု ဆောက်ဂိတ်ပြော

ရွှေ့ပြောင်းလုပ်သားတွေကိုယ်တိုင်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာပဲ ဆက်ပြီးကျင်းပလိုတဲ့ ဆန္ဒရှိကြကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမှာကို ရှုတ်ချမှုတွေရှိနေတာပါ။
ဘောလုံးကွင်းတွေဆောက်လုပ်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကြတဲ့ တောင်အာရှနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သာ ၆၅၀၀ လောက်ဟာလည်း မလုံခြုံတဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ခဲ့ရလို့ သေဆုံးခဲ့ရပြီဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လူ့အခွင့်အရေးကိစ္စအပေါ် အင်္ဂလန်နည်းပြဆောက်ဂိတ်က မှတ်ချက်ပေးခဲ့ရာမှာတော့ သူကိုယ်တိုင် ကာတာနိုင်ငံအထိသွားပြီး ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံဖူးတာကြောင့် သူတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆက်ပြီးကျင်းပလိုတဲ့ဆန္ဒရှိကြကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေဟာလည်း ဘောလုံးကို ချစ်မြတ်နိုးတဲ့သူတွေဖြစ်လို့ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားကျင်းပတာကို လက်ခံသဘောတူညီကြတယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။