close

ရွက်ညို့တောင်ဆရာတော်ကို စစ်ကောင်စီ ဖမ်းဆီး၊ ဘူးသီးတောင်စျေးဆိပ်ကမ်း၌ ဖမ်းဆီးခံခဲ့ရသူ အချို့ ပြန်လွတ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွက်ညို့တောင်ကျေးရွာဆရာတော်ကို နိုဝင်ဘာ ၄ ရက် ညမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့မပရိယတ္တိစာသင်တိုက်မှာ နိုဝင်ဘာ ၄ ရက်က ကျင်းပနေတဲ့ ပဌာန်းပွဲအတွင်း ဝါတော်(၁၅) ဝါ၊ သက်တော် (၃၅) နှစ်ရှိ ရွက်ညို့တောင်ဆရာတော်ပညာသိရီကို စစ်ကောင်စီက  ဖမ်းဆီးသွားတာပါ။

မောင်တောဒေသခံတဦးက "မနေ့က မြို့မကျောင်းပဌာန်းပွဲကနေ စရဖက အရပ်ဝတ်နဲ့ဖမ်း သွားတာ။ ဘာအတွက် ဖမ်းဆီးတယ်ဆိုတာတော့ မသိဘူး။ နခခ (၅) ကို ခေါ်သွားတယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။

မနေ့ မနက်ပိုင်းကလည်း ရန်အောင်ပြင်ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီးနောက် စစ်ကောင်စီတပ်က အဲဒီရွာကို ဒီနေ့အထိ ပိတ်ဆို့ထားတယ်လို့ ရွာခံ တဦးက ပြောပါတယ်။

"မနေ့က ညနေပိုင်းကတတည်းက တရွာလုံးကို ဝိုင်းထားတာ။ ဒီနေ့လည်း ဝိုင်းထားတယ်။ ဘယ်သူမှ ရွာပြင်ကို ထွက်လို့ မရဘူး။"

ရခိုင်ပြည်နယ် ဘူးသီးတောင်စျေးဆိပ်ကမ်းက ဖမ်းထားရသူ ၁၇ ယောက်အနက် ၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

မိသားစုဝင်တဦးက "ဖမ်းဆီးထားတာ အားလုံး ၁၇ ဦးမှာ ၅ ဦးကိုလွတ်ပေးလိုက်ပြီ။ ကျန် ၁၂ ဦးကတော့ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရဘူး။ သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆို တာတောင် မသိရသေးဘူး။ ချုပ်ရမန်လည်း မယူထားဘူး" လို့ ပြောပါတယ်။

လွတ်မြောက်လာသူတွေဟာ ဈေးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ကိုဇော်ဝင်အပါအဝင်  ဆိပ်ကမ်းမှာ ကြက်ရောင်းသူ၊ ကွမ်းယာဆိုင်ရောင်းချသူ မွတ်ဆလင်အမျိုးသား ၁ ယောက်နဲ့ ဘုတ်ပိုင်ရှင် ၂ ဦး စုစုပေါင်း ၅ ဦးကိုသာ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

ပြန်လွတ်လာသူတဦးက "ကျနော်တို့ကို ဖမ်းပြီး ကားပေါ်မှာမျက်နှာ ဖုံးစွပ်လိုက်တယ်။ ဖမ်းခေါ်သွားတာ ဘယ်နေရာလဲဆိုတာ အခုထိ မသိရဘူး။ နောက် လူစုခွဲလိုက်တယ်။ ရိုက်နှက်တာတော့ မရှိဘူး။ ဖုန်းတွေကို စစ်ဆေးတယ်”လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ ဘူးသီးတောင်စျေးဆိပ်ကမ်းမှာ မှီခိုလုပ်ကိုင်  စားသောက် နေကြရတဲ့ အလုပ်သမား၊ ကားသမား၊ ဘုတ်သမားတွေနဲ့ ကုန်သည်တွေကို  စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာ လူ ၁၇ ယောက် ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။

လက်ရှိ ဖမ်းခံရဆဲသူတွေကတော့  ကုန်သည်၊ ကုန်ပစ္စည်ကိုယ်စားလှယ်နဲ့ ပွဲရုံပိုင်ရှင်တွေ ဖြစ်တဲ့ ဘူးသီးတောင်မြို့က ဦးတင့်ဝင်း၊ ဦးမောင်အေးထွန်း၊ ကိုကျော်စိုးနိုင်၊ ဦးကျော်လှမြင့်၊ ဦးဇော်ဝင်း၊ ဦးမော်နီအာမောက်၊ ကိုတော်ယု၊ ဦးအူဘိုင်ဒူလာ၊ ကိုသက်ထူး၊ ကိုညီညီစိုး၊ ကိုအောင်ကျော်ဌေးနဲ့ တခြား တဦးတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up