close

မြိုင်မြို့တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့မှာ နိုဝင်ဘာ ၃ ရက် ညပိုင်းက စစ်ကောင်စီရဲ့ ဂိတ်စခန်းတခုကို မြိုင်ပ.က.ဖက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့အနောက်ဘက် စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မနေ့ နိုဝင်ဘာ ၃ ရက် ည ၈ နာရီကျော်လောက်မှာ မြိုင် ပ.က.ဖ တပ်ရင်း-၁၊ တပ်ခွဲ-၃ က ရဲဘော်တွေ တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီဂိတ်မှာက စစ်(...)နဲ့ ရဲ(...) ၆ ယောက်လောက်ရှိတာကို ကျနော်တို့ဘက်က ရဲဘော်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ၅ မိနစ်လောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ဆေးပင်ကြီးရွာနားမှာ နိုဝင်ဘာ ၁ ရက်က စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့လို့ ကျဆုံးခဲ့တဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေး ရဲဘော် ၅ ယောက်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခဲ့တာလို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားလာသလို ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up