close

စစ်တွေ မင်းချောင်းတံတားအနီး စက်လှေတစီးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မင်းချောင်းတံတားနားမှာ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက စစ်တွေက ထွက်လာတဲ့ စက်လှေတစီးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားနားမှာ မနေ့ညနေ ၅ နာရီလောက်မှာ စစ်တပ်နဲ့ရဲ အင်အား ၂၀ လောက်က စစ်တွေက ထွက်လာတဲ့ စက်လှေတစီးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ စစ်တွေမြို့နယ်ခံတဦးက ပြောပါတယ်။

စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ စက်လှေပေါ်မှာ  သံဃာတော်တပါးအပါအဝင် ခရီးသည် ၁၅ ယောက် လိုက်ပါလာပြီး စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ဘက်ကို သွားတဲ့အချိန်မှာ အဖမ်းခံရတာလို့ သိရပါတယ်။

ဒေသခံတဦးက “ဖမ်းဆီးခံခဲ့ရတဲ့ စက်လှေပိုင်ရှင်ကတော့ ရသေ့တောင်မြို့နယ် ရေချမ်းပြင်ကျေးရွာက ကိုသန်းဇော်လို့ သိရပြီး သူ့ရဲ့ ဖခင်ဖြစ်သူက စစ်ကောင်စီတပ်က ဝန်ထမ်းတယောက်လို့ သိရတယ်။ အဖေလုပ်သူက စစ်သားဆိုတော့ ဂရုမစိုက်ဘဲ ထွက်လာတဲ့ သဘောရှိတယ်။ သူ့အဖေရဲ့ အမည်၊ ရာထူးနဲ့ ဘယ်တပ်မှာ တာဝန်ထမ်းဆောင်နေ တယ်ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။ 

စက်လှေပိုင်ရှင် ကိုသန်းဇော်ကိုတော့ စစ်တွေမြို့မရဲစခန်းမှာ ပြည်တွင်းရေကြောင်း ဥပဒေပုဒ်မ ၄၃ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားနားမှာ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း စက်လှေ ၉ စီး ဖမ်းဆီးခံခဲ့ရကာ စက်လှေပိုင်ရှင် ၉ ယောက်ကို စစ်တွေမြို့မရဲစခန်းမှာ ပြည်တွင်းရေကြောင်း ဥပဒေပုဒ်မ ၄၃ နဲ့ အမှုဖွင့်ထားပြီး အာမခံပေးထားကာ အဲဒီထဲက ၂ ယောက်ကို မတရားအသင်းဆက်သွယ်မှုပုဒ် ၁၇ (၁)နဲ့ ထပ်မံအမှုဖွင့်ထားပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ၁ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up