close

လုံဂျာဘွမ်တောင်ခြေအနီး တိုက်ပွဲဖြစ်နေသဖြင့် ဒေသခံများ စပါးရိတ်သိမ်းရန် ခက်ခဲနေ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာဘွမ်တောင်ခြေအနီးမှာ အခုရက်ပိုင်း တိုက်ပွဲတွေအဆက်မပြတ် ဖြစ်ပွားနေပြီး သွားလာခွင့်ကန့်သတ်ထားတဲ့အတွက် စပါးရိတ်သိမ်းဖို့ ခက်ခဲနေတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။

လုံဂျာဘွမ်တောင်ခြေအနီး ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ရွာသားတွေကို စစ်ကောင်စီတပ်က   မနက် ၆ နာရီကနေ ည ၆ နာရီအထိသာ သွားလာခွင့်ပြုထားလို့ တောင်သူတွေ စပါးရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။

လုံဂျာတောင်ခြေ  ဝဝမ်ကျေးရွာဒေသခံတစ်ဦးက "လုံဂျာဘွမ်တောင်ခြေက ရွာတွေမှာ တိုက်ပွဲတွေဖြစ်နေလို့ စစ်ဘေးရှောင်နေကြရတယ်။ အမျိုးသမီးနဲ့ ကလေးတွေ၊ မိုးမောက်မြို့ပေါ် တိမ်းရှောင်နေပေမဲ့ အမျိုးသားတချို့ကတော့ရွာမှာပဲ စပါးရိတ်ဖို့ကျန်ခဲ့တယ်။ မနက် ၆ နာရီကနေ ည ၆ နာရီအထိပဲ လယ်ထဲလုပ်ခွင့်ရှိတယ်။ ၆ နာရီကျော်ရင် ပစ်မှာဆိုတော့ လယ်ကွင်းထဲ လယ်သိမ်းရတာ အချိန်အခက်အခဲအတော်ဖြစ်တယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မနက် ၆ နာရီမှ ည ၆ နာရီအထိသာ လယ်လုပ်ခွင့်ပြုထားတာဖြစ်ပြီး အချိန်ကျော်လွန်ပါက သေနတ်နဲ့ ပစ်ခတ်မှာ ဖြစ်ကြောင်းပြောဆိုထာလို့ ဒေသခံလယ်သမားတွေဟာ အချိန်လုပြီးအလုပ်လုပ်ရတဲ့အပြင် လယ်ယာလုပ်ငန်းခွင်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှာကိုလည်းစိုးရိမ်နေရပါတယ်။

လုံဂျာတောင်ခြေ  ဝဝမ်ကျေးရွာဒေသခံတစ်ဦးက "မနက် ၆ နာရီကနေ ည ၆ နာရီထိပဲ လယ်ထဲလုပ်လို့ရတယ်။ ဒါတောင် လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကိုယ့်နား လက်နက်ကြီးကျည် ဘယ်တော့ကျမလဲဘဲ စိုးရိမ်နေရတယ်။ လယ်သိမ်းရတာလည်း ကြောက်ကြောက်လန့်လန့်နဲ့ လုပ်နေရတာ။ တချို့ဆို လယ်မသိမ်းတော့ဘဲ ပစ်ထားတဲ့ သူတွေတောင်ရှိတယ်" လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က လုံဂျာဘွမ်တောင်ခြေအနီး လူနေအိမ်တွေအကြား လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး လက်မှာ ဒဏ်ရာရခဲ့ပါတယ်။

မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIAနဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၂ ရက် ကစတင်ပြီး လုံဂျာဘွမ်တောင်ခြေအနီး တိုက်ပွဲပြင်းထန်နေတဲ့အတွက်  လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်၊ ခါနမ်၊ ကွမ်ဘမ် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up