close

ဇလွန်မြို့နယ်တွင် တက္ကသိုလ်ကျောင်းသူအား သတ်ဖြတ်ခဲ့သူကို ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ တောင်ပိုတရာကျေးရွာအုပ်စုထဲက သရွတ်ဝကျေးရွာမှာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူအား သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိပြီလို့ ဇလွန်မြို့မရဲစခန်းက သိရပါတယ်။

နိုဝင်ဘာ ၁ ရက် ညနေပိုင်းက အသက် ၁၉ နှစ်ရွယ် စာရင်းငှားလုပ်နေသူ အမျိုးသားက အသက် ၂၀ ရှိ အလုပ်ရှင်သမီးဖြစ်သူကို ရည်းစားစကားပြောရာမှ ငြင်းဆိုခံရတဲ့အပြင် အလုပ်ရှင် ဖခင်ဖြစ်သူနဲ့ တိုင်ပြောမယ်လို့ ပြောရာကနေ ကြောက်လန့်ပြီး လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ဇလွန်မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ ဟင်္သာတတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေသူဖြစ်ပြီး ပြစ်မှုကျူးလွန်သူက ကတ်ကြေးနဲ့ ၂၆ ချက်တိတိ ထိုးသွင်းသတ်ဖြတ်ခဲ့တဲ့အပြင် သေဆုံးသူအမျိုးသမီး ဝတ်ဆင်ထားတဲ့ နားကပ်၊ လက်စွပ်၊ ဖုန်း ၂ လုံးနဲ့ ငွေ ၅ သိန်းခွဲကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူဟာ အရင်တည်းက ခိုးမှုကျူးလွန်ခဲ့တဲ့ မှတ်တမ်းရှိခဲ့သူဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နောက် သံသယတရားခံအနေနဲ့ စောင့်ကြည့်ရာကနေ သူနေထိုင်ခဲ့တဲ့ အိမ်မှာ သွေးစွန်းအဝတ်အစားတွေ တွေ့ခဲ့ရပြီး ယူဆောင်သွားတဲ့ ရွှေထည်ပစ္စည်းနဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သရွတ်ဝကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ ၃၉၂ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up