အမျိုးသမီးများသည် အမျိုးသားများထက် သာလွန်သည့် မန်နေဂျာဖြစ်နိုင်ဟု ပုပ်ရဟန်းမင်း ပြော

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်မှာ ခန့်အပ်ထားတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သာလွန်တဲ့ မန်နေဂျာတွေဖြစ်နိုင်တာ သက်သေပြခဲ့ပြီး ရိုမန်ကက်သလစ် ဘုရားကျောင်းတွေနဲ့ လူ့အဖွဲ့အစည်းထဲမှာ အမျိုးသားတွေကို အလွန်အကျွံ ကိုးကွယ် ယုံကြည်တာတွေ ရှိနေတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။
ဘာရိန်းနိုင်ငံဆီ လေးရက်ကြာခရီးစဉ်ကနေ ရောမမြို့ကို ပြန်ရောက်လာတဲ့ လေယာဉ်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးက ခုလို မှတ်ချက်စကားတွေ ပြောခဲ့တာပါ။
“ဗာတီကန်မှာ အမျိုးသမီးတဦးကို ရာထူး (တာဝန်) ပေးတဲ့အခါတိုင်း အရာတွေ တိုးတက်လာတာကို ကျနော် သတိပြုမိပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
အီရန်ဆန္ဒပြပွဲတွေရဲ့ ရှေ့တန်းက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဖရန်စစ်ကို မေးခဲ့ပေမဲ့ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးခွန်းကို မဖြေခဲ့ပါဘူး။
“အမျိုးသမီးတွေက ရှေ့ကိုတက်ဖို့ မှန်ကန်တဲ့နည်းလမ်းကို ဘယ်လိုရှာလဲဆိုတာ သိတဲ့အတွက် ဒါဟာ တော်လှန်ရေးတခုပါပဲ” လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
သူက သူ့ဇာတိ အာဂျင်တီးနား အပါအဝင် ကမ္ဘာတဝန်းမှာ ယောက်ျားကြီးစိုးမှုဝါဒ လွန်ကဲနေသေးတယ်လို့ အသိအမှတ်ပြု ရှုတ်ချခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက “အမျိုးသမီးတွေက လက်ဆောင်တခုပါ။ ဘုရားသခင်က ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တယ်။ အမျိုးသမီးတွေကို ပိုကြီးတဲ့ အခန်းကဏ္ဍတွေကို ပေးစွမ်းနိုင်စွမ်းမရှိတဲ့ လူ့အဖွဲ့အစည်းဟာ ရှေ့ကို မတိုးနိုင်ဘူး” လို့လည်း ပြောခဲ့ပါတယ်။