close

မြောက်ကိုရီးယားနယ်စပ်ဖြတ်ပြီး ရထား ၁ စီး ရုရှားသို့ ဝင်ရောက်

မြောက်ကိုရီးယားကနေ ရုရှားနိုင်ငံဆီကို ရထားတစီး ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ စီးပွားရေးဆိုင်ရာ ဂြိုဟ်တုဓာတ်ပုံကို ကိုးကားပြီး အမေရိကန်အစိုးရ တတ်သိပညာရှင်တယောက်က နိုဝင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားအစိုးရက ရုရှားအစိုးရကို အမြောက်ကျည်တွေ လျှို့ဝှက်ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က ပြောအပြီး နှစ်ရက်အကြာမှာ အခုလို တွေ့ရှိလာတာပါ။

မြောက်ကိုရီးယားရဲ့ ဖြစ်ထွန်းမှုတွေကို စောင့်ကြည့်လေ့လာတဲ့ 38 North ပရောဂျက်ဟာ နှစ်ပေါင်းများစွာအတွင်း လမ်းကြောင်းပေါ်မှာ ခုလို ရထားလှုပ်ရှားမှုကို ပထမဆုံးအကြိမ် တွေ့မြင်ရတာလို့ ပြောပါတယ်။

“ပုံထဲကရထားရဲ့ ရည်ရွယ်ချက်ကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပေမဲ့ မြောက်ကိုရီးယားကနေ ရုရှားကို လက်နက်ရောင်းချမှု သတင်းတွေနဲ့ နှစ်နိုင်ငံကြား ကုန်သွယ်မှု ပြန်လည်စတင်ဖို့ ယေဘုယျ မျှော်လင့်ချက်တွေနဲ့ ဖြတ်ကျော်လာတာ” လို့ 38 North က ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ တနိုင်ငံနဲ့တနိုင်ငံ ဆက်သွယ်ထားတဲ့ တခုတည်းသော ကုန်းမြေဆက်သွယ်မှုဖြစ်တဲ့ မီတာ ၈၀၀ ရှည်ပြီး ထူးမန်းဂန်းလို့ခေါ်တဲ့ (ကိုရီးယား-ရုရှား ချစ်ကြည်ရေးတံတား) ကို မြောက်ကိုရီးယားဘက်က ပိတ်ပစ်ခဲ့တယ်လို့ 38 North က ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၄ မိနစ်မှာ ရထားတွဲသုံးစီးပါတဲ့ အလုံပိတ်ရထားကို မြောက်ကိုရီးယားနယ်စပ်ဘက်ခြမ်းမှာ မြင်တွေ့ရပြီး မွန်းလွဲ ၂ နာရီ ၂၉ မိနစ်မှာတော့ စက်ခေါင်းနဲ့ ရထားတွဲ ၃ တွဲကို နယ်စပ်ကနေ ၁ ဒသမ ၂ မိုင်အကွာ ရုရှားနိုင်ငံ ခါစန်ဘူတာရုံက ရထားလမ်းပေါ်မှာ မြင်တွေ့ရတာပါ။

ရထားနဲ့ ဘေးချင်းကပ် သံလမ်းပေါ်မှာတော့ အလုံပိတ်ရထားတွဲအသေးတွေ၊ ကုန်သေတ္တာတင်ထားတဲ့ ပက်လက်ရထားတွဲတွေကို ကပ်လျက်ရပ်ထားခဲ့ပါတယ်။

“ပစ္စည်းတွေ လွှဲပြောင်းတင်ဆောင်တာ ရှိ၊ မရှိကို မဆုံးဖြတ်နိုင်ဘူး” လို့ အစီရင်ခံစာက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားကို အမြောက်တွေ အမြောက်အမြား လျှို့ဝှက်ထောက်ပံ့ပေးနေတဲ့ သတင်းအချက်အလက်တွေ အမေရိကန်အစိုးရဆီမှာ ရှိတယ်လို့ အိမ်ဖြူတော်က နိုဝင်ဘာ ၂ ရက်မှာ ပြောခဲ့တာပါ။

မြောက်ကိုရီးယားဟာ ရုရှားဆီ လက်နက် ခဲယမ်းမီးကျောက်တွေကို ဘယ်တုန်းကမှ မပံ့ပိုးခဲ့ဘူး၊ ပံ့ပိုးဖို့လည်း အစီအစဉ်မရှိဘူးလို့ စက်တင်ဘာတုန်းက ပြောခဲ့ပါတယ်။

မြင်းတွေကိုသယ်လာတဲ့ ရထားတစင်း မြောက်ကိုရီးယားနိုင်ငံဆီ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ရုရှား တိရစ္ဆာန်ဆေးကုသရေးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို မြင်းစီးသူရဲလို့ လူသိများပါတယ်။ တောင်ကိုရီးယား မီဒီယာတွေက သူ့ကို နှင်းတောင်ပေါ်မှာ မြင်းဖြူနဲ့အတူ တောင်တက်နေပုံကို ၂၀၁၉ ခုနှစ်မှာ ပြသခဲ့ဖူးပါတယ်။

ရုရှားအကောက်ခွန် အချက်အလက်တွေအရ မြောက်ကိုရီးယားဟာ ရုရှားက အာဇာနည်မြင်းတွေကို ဝယ်ဖို့ လွန်ခဲ့တဲ့နှစ်တွေက ဒေါ်လာထောင်ပေါင်းများစွာ သုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up