close

ကျောက်ဖြူတွင် အမျိုးသား ၂ ဦးကို အေအေနှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာနေ တောင်သူလယ်သမား လူမှုစီးပွားဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးသိန်းတန်နဲ့ ဦးတင်အောင်တို့ကို စစ်ကောင်စီတပ်က အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ နိုဝင်ဘာ ၆ ရက် ညနေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဖမ်းဆီးခံရသူ ဦးသိန်းတန်ဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်မယ့် မြေနေရာမှာ ပါဝင်တဲ့ လယ်​မြေတွေထဲက လယ်ဧကတချို့ကို ပိုင်ဆိုင်ထားတဲ့ တောင်သူတယောက်ဖြစ်ပြီး စီမံကိန်းဖော်ဆောင်လာပါက ဒေသခံတွေ နစ်နာမှုမရှိအောင်နဲ့ ဒေသခံတွေရဲ့ အခွင့်အလမ်းတွေကို တောင်းဆိုနိုင်ဖို့ ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမားများ လူမှုစီးပွားဖွံ့ဖြိုးရေးအသင်းရဲ့ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတယောက် ဖြစ်တယ်လို့ ဒေသခံတ‌ေယာက်က ပြောပါတယ်။

“၆ ရက်နေ့ညနေမှာ ဦးတင်အောင်ကို အရင်ဖမ်းသွားတယ်။ ပြီးရင် ဦးသိန်းတန်ကို ထပ်ဖမ်းသွားတာပေါ့။ သူတို့ပြောတာကတော့ အေအေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲတာပေါ့။ ဦးသိန်းတန်က ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ တောင်သူ ၁ ဦးလည်းဖြစ်တယ်။ ပြီးရင် သူလုပ်နေတဲ့ လယ်မြေဟာလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ဆောင်မယ့် လယ်မြေထဲမှာ ပါဝင်နေတာပေါ့။ သူက စီမံကိန်း အကောင်အထည်ဖော်ဆောင်လာရင် ဒေသခံတွေရဲ့ လယ်ယာမြေတွေ ဆုံးရှုံးနစ်နာမှု မရှိအောင်နဲ့ ဒေသခံတွေရဲ့ ရပိုင်ခွင့် မဆုံးရှုံးရအောင်အတွက် ​ဒေသခံတောင်သူတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမားများ လူမှုစီးပွားဖွံ့ဖြိုးရေး အသင်းမှာလည်း အတွင်းရေးမှူး တာဝန်ယူ လုပ်ကိုင်နေသူ ၁ ဦး ဖြစ်ပါတယ်။”

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ အေအေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အရပ်သားပြည်သူတွေနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် လူပေါင်း ၄၀ လောက်ကို ဖမ်းဆီးကာ တချို့ကို ပြန်လွှတ်ပေးပေမဲ့လည်း အများစုကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က) အပါအဝင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁) တို့နဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာချိန်မှာ စစ်ကောင်စီဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေ မဟုတ်ဘဲ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် စစ်လေယာဥ်တွေနဲ့ပါ တမင်ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ရခိုင်ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up