close

YBS ခရီးသည်များကို သံတုတ်ဖြင့်ရိုက်ပြီး လုယက်ခဲ့သူ ၈ ဦးအား ဖမ်းမိ

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာကြီးလမ်းမပေါ်ရှိ သမိုင်းစျေး ဘူတာရုံလမ်းအနီးမှာ နိုဝင်ဘာ ၈ ရက် ညနေက YBS ၆၁ ဘတ်စ်ကားပေါ်က ခရီးသည်တွေကို သံတုတ်နဲ့ရိုက်ကာ ဖုန်းလုခဲ့သူ ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လုယက်ခဲ့သူ ၈ ‌ယောက်ကို ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ တနေရာမှာ ဖမ်းဆီးရမိခဲ့တာလို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပရိုဘောက်ကားရယ် ယာဥ်မောင်းရယ် လုယက်သူ ၇ ဦးရယ် အားလုံးပေါင်း ၈ ဦးမိတယ်၊ မရမ်းကုန်းရဲစခန်းမှာ ချုပ်ထားပါတယ်။”

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ အောင်မျိုးသန့်၊ ဖြိုးမောင်၊ လှိုင်ဖြိုးမောင်၊ မျိုးမင်းအောင်၊ ထွန်းထွန်းဦး၊ အောင်ကျော်ဆန်း၊ ဝင်းထူးနဲ့ မင်းသိန်းနိုင်တို့ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ပရိုဘောက်ကား GG/5704 နဲ့အတူ မရမ်းကုန်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါလုယက်သူ ၈ ယောက်ဟာ မနေ့ညနေ ၄ နာရီက ပရိုဘောက်အဖြူရောင် အငှားယာဉ်နဲ့ YBS ၆၁ ကားအနောက်ကို ကပ်လိုက်ကာ သမိုင်းဘူတာကြီးလမ်းမပေါ်ရှိ ဘုရင့်နောင်မီးပွိုင့်အနီးမှာ ကားရပ်စဥ် YBS ကားပေါ်တက်ပြီး ခရီးသည်တွေကို သံတုတ်တွေနဲ့ ရိုက်နှက်ကာ ဖုန်းတွေလုယူခဲ့တာလို့ YBS ယာဥ်မောင်းတယောက်က ပြောပါတယ်။

“သူတို့က သံတုတ်တွေနဲ့ရိုက်ပြီး ဖုန်းတွေလုတာ၊ ကောင်မလေးတယောက်ဆို ကြောက်လန့်ပြီး ကားပေါ်ကခုန်ဆင်းတာ ဒဏ်ရာရသွားတယ်၊ ညက မိတယ်လို့ကြားတယ်။”

ရန်ကုန်မှာ ပြီးခဲ့တဲ့လတွေက YBS ကားတွေပေါ်မှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်တာ၊ လုယက်တာတွေအပြင် ဓားထောက် ဓားပြတိုက်မှုတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up