close

မြန်မာအလံလွှင့် ငါးဖမ်းသင်္ဘောပေါ်ပါ သီရိလင်္ကာရွှေ့ပြောင်း ၃၀၀ ကျော်ကို ဗီယက်နမ် ကယ်တင်

မြန်မာအလံလွှင့်တင်ထားတဲ့ ငါးဖမ်းသင်္ဘောတစင်းနဲ့ အခက်အခဲကြုံတွေ့နေတဲ့ သီရိလင်္ကာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ကျော်ကို ဗီယက်နမ်ကမ်းရိုးတန်းမှာ နိုဝင်ဘာ ၈ ရက်က ကယ်တင်နိုင်ခဲ့တယ်လို့ ဗီယက်နမ် အာဏာပိုင်တွေကပြောတဲ့အကြောင်း  Asia News Network မှာဖော်ပြပါတယ်။

LADY R3 အမည်ရတဲ့ အဆိုပါ ငါးဖမ်းသင်္ဘောပေါ်မှာတော့ လူပေါင်း ၃၀၃ ယောက် တင်ဆောင်လာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသား ၂၆၄ ယောက်၊ အမျိုးသမီး ၁၉ ယောက်နဲ့ ကလေးသူငယ်အယောက် ၂၀ ပါဝင် တယ်လို့ ဆိုပါတယ်။

သင်္ဘောဟာ ခုတ်မောင်းနေချိန် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ ဗွန်တောင်ကနေ ရေလမ်းကြောင်းမိုင် ၂၅၀ အကွာမှာ အခက်အခဲတွေ့ခဲ့ရတာဖြစ်ပြီး အဆိုပါ သင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ရေမိုင် ၆၀၀၀ လောက်အကွာ ကနေဒါနိုင်ငံဆီ ဦးတည်သွားမယ်လို့ ယူဆရတယ်လို့ ဗီယက်နမ် ရေကြောင်းရှာဖွေရေးနှင့် ကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာက ပြောပါတယ်။

“သင်္ဘောစက်ခန်းထဲကို ရေတွေ စီးဝင်လာလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကတည်းက အဆင်မပြေဖြစ်ပြီး ပြုပြင်လို့ မရတော့ဘူး ဖြစ်နေခဲ့တာပါ” လို့ စင်တာက ပြောပါတယ်။

သီရိလင်္ကာရေတပ်ပြောရေးဆိုခွင့်ရှိသူ အင်ဒီကာဒီဆေးလ်ဗာကတော့ သီရိလင်္ကာနိုင်ငံသားတယောက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မှာ ရေတပ်ကို ဆက်သွယ်ခဲ့ပြီး သူတို့ ဒုက္ခရောက်နေကြောင်း သတင်းပေးပို့ အကူအညီတောင်းခံခဲ့ပြီးနောက်မှာ ကိုလံဘိုက ရေကြောင်းကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာက စင်ကာပူ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေဆီ အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဗီယက်နမ်နိုင်ငံ ရေကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာက အဆိုပါ ငါးဖမ်းသင်္ဘောရဲ့ တည်နေရာကို ရှာဖွေဖော်ထုတ်ခဲ့ပြီး အနီးနားက ရေယာဉ်တွေကို အကူအညီပေးဖို့ တောင်းဆိုခဲ့ကာ ညနေ ၃ နာရီခွဲနဲ့ ၅ နာရီခွဲကြားမှာတော့ ဂျပန်ကနေ စင်ကာပူကို ထွက်ခွာလာတဲ့ ဂျပန်ကုန်တင်သင်္ဘော HELIOS LEADER က ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြား ကြွေးမြီတွေ တင်နေတဲ့ သီရိလင်္ကာနိုင်ငံမှာတော့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းဖို့ နိုင်ငံခြားသုံးငွေ ပြတ်လပ်နေပြီး စားနပ်ရိက္ခာ၊ လောင်စာနဲ့ ဆေးဝါးတွေ ပြတ်လပ်မှု အခက်အခဲတွေအပြင် ငွေကြေးဖောင်းပွမှု ပြဿနာ၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဥပဒေမဲ့ ရွှေ့ပြောင်းအခြေချနေထိုင်မှုတွေလည်း မြင့်တက်လာနေခဲ့တာ ဖြစ်ပါတယ်။

Ref- ANN

Photo-AFP

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up