close

ဇင်းကျိုက်မြို့တွင် မီးလောင်ပြီး လူ ၄ ဦး သေဆုံး၊ နေအိမ် ၈ လုံးပျက်စီးဆုံးရှုံး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ နိုဝင်ဘာ ၁၀ ရက် ဒီမနက် ၄ နာရီလောက်မှာ နေအိမ် ၈ လုံး မီးလောင်ပြီး  အမျိုးသမီးတွေအပါအဝင်  ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇင်းကျိုက်မြို့၊ ဘုံကျောင်းလမ်းရှိ ဒေါ်သန်းသန်းခိုင်ရဲ့နေအိမ်ကနေ မီးစတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ် ၈ လုံးအပါအဝင် စပါးကျည် တစ်လုံး မီးလောင်ပျက်စီးခဲ့တာပါ။

မီးလောင်မှုကြောင့် ဒေါ်သန်းသန်းခိုင်၊ မောင်လင်းထွန်း၊ ဒေါ်ခင်စီနဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်သူ မဇင်ဇင်ဖြိုးတို့ သေဆုံးခဲ့ပါတယ်။ 

အဲဒီမီးလောင်မှုဟာ စိတ်ကျန်းမာရေး မကောင်းတဲ့ မောင်လင်းထွန်း ထွန်းထားတဲ့ ဖယောင်းတိုင်မီးကတဆင့် ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသား တယောက်နဲ့ ၊ အမျိုးသမီး သုံးယောက်ကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၄ နာရီ ၈ မိနစ်လောက်က ဒေါ်သန်းသန်းခိုင်ရဲ့ နေအိမ်မှာ ပေါ့ဆမီးကနေ တဆင့်   မီးစတင်လောင်ရာမှာ ပေါင်မြို့နယ်၊ သထုံမြို့နယ်နဲ့ ဇင်ကျိုက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့  မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာတော့ မီးဘေးသင့် ပြည်သူ ၂၀ ကျော်ကို ဇင်းကျိုက်ရပ်ကွက်ရှိ ညောင်ကျောင်းဘုန်းကြီး ဓမ္မရုံမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကလည်း ရှေးဟောင်းဘုန်ကြီးကျောင်း နှစ်ကျောင်း မီးလောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up