close

မောင်တောမြောက်ပိုင်း ရန်အောင်မြင် နယ်ခြားစောင့်စခန်းအား အေအေ ဝင်တိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ ရန်အောင်မြင်ကျေးရွာ နယ်ခြားစောင့်စခန်းကို နိုဝင်ဘာ ၁၀ ရက် ဒီနေ့ နေ့လယ် ၃ နာရီလောက်ကစပြီး ရက္ခိုင့်တပ်တော် (အေအေ) က ဝင်တိုက်နေတယ်လို့ ရန်အောင်မြင်ကျေးရွာ ဒေသခံတွေက အတည်ပြုပြောပါတယ်။

“ဒီနေ့ နေ့လယ် ၃ နာရီလောက်မှာ ဝင်တိုက်တာ။ တိုက်ပွဲက တော်တော်လေး ပြင်းထန်နေပါတယ်။ ရွာသူ ရွာသားတွေကတော့ အားလုံး နေအိမ်တွေအောက်မှာ ပုန်းသူပုန်း၊ ဘုန်းကြီးကျောင်းကို ပြေးသူပြေး ပြေးနေကြရတယ်။ ရွာပြင်ကိုလည်း ထွက်မရဘူး။ စစ်တပ်ကဝိုင်းထားတယ်။”

လက်ရှိ ရန်အောင်မြင်ကျေးရွာအနီးတဝိုက်ကို ကြိမ်​ချောင်း ၂၄ ဗျူဟာစခန်းနဲ့ နခခ ၇ တို့က လက်နက်ကြီးပစ်ကူပေးနေပြီး ရန်အောင်မြင်ကျေးရွာစွန်မှ ဦးလှစောအောင် နေအိမ် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်အောင်မြင် နယ်ခြားစောင့်စခန်းမှာ လက်နက်ကြီးအထိုင်စခန်းချဖို့ စစ်ကောင်စီက ကြိုးစားလာနေတာကြောင့် အဲဒီနယ်ခြားစောင့်စခန်းကို အေအေက အခုလို ဝင်တိုက်တာဖြစ်နိုင်ကြောင်း မောင်တောဒေသ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

“ရန်အောင်​မြင်ကျေးရွာအနီး နယ်ခြားစောင့်စခန်းမှာ စစ်တပ်က လက်နက်ကြီးအထိုင်စခန်းချဖို့ ပြင်ဆင်နေကြတယ်။ အဲ့ဒါကို အေအေဘက်က လက်ဦးမှုရယူတဲ့သဘောနဲ့ ဝင်တိုက်တာ။”

နိုဝင်ဘာ ၄ ရက်ကလည်း ရန်အောင်မြင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အဲဒီကျေးရွာကို ဒီနေ့အထိ ပိတ်ဆို့ဝိုင်းထား​တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up