close

မြဝတီ-ဝေါလေလမ်းပိုင်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ်လာတိုက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါလေလမ်းပိုင်း သေ့ဘောဘိုးနဲ့ တောင်နီကျေးရွာအနီးမှာ နိုဝင်ဘာ ၁၀ ရက် မနက် ၁၁ နာရီမှ မွန်းတည့် ၁ နာရီအထိ စစ်ကောင်စီရဲ့ တပ်မ (၄၄) လက် အောက်ခံ ပူးပေါင်းစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ်လာတိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန် ပါတယ်။

နယ်မြေကျော်စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီရဲ့တပ်မ (၄၄) လက်အောက်ခံ ပူပေါင်းစစ်ကြောင်းတွေနဲ့ KNLA တပ်ရင်း (၂၇)၊ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဝေါ်လေဗျူဟာမှာ အခြေပြုနေတဲ့ Mi -35 P အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ်က KNLA ပူးပေါင်းတပ်ဖွဲ့တွေရှိရာ ဘလက်တိုကျေးရွာနဲ့ အနီးဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ရဟတ်ယာဉ်နဲ့ တိုက်ခိုက်နေချိန်အတွင်း မင်္ဂလာဒုံလေတပ်စခန်းကနေ MPA ATR (42) အမျိုးအစား လေယာဉ်အမှတ် (၀၀၀၆) ကင်းထောက်လေယာဉ်နဲ့ လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုးကျေးရွာ အနီးဝန်းကျင်ကို ကင်းထောက်ပျံသန်းခဲ့ပါတယ်။

ကော်ဘရာစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ မျိုးသူရကိုကိုက “ဒီနေ့တိုက်ပွဲဖြစ်စဉ်မှာတော့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိပါဘူး။ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာက မြဝတီ-ဝေါဘေကားလမ်း မြောက်ဘက်ခြမ်းကနေပြီး တက်လာတဲ့အခါ အခုဆိုရင် ရေပူနားအထိရောက်လာပြီ။ တဖက်ကလည်း တောင်နီဘက်ကနေတက်လာတယ်။ နှစ်ဖက်ညှပ်ပြီးတော့ တိုက်တဲ့ဗျူဟာကို သုံးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က နှစ်ဖက်ညှပ်တိုက်ခဲ့လာနိုင်တဲ့အတွက် နောက်ရက်တွေမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၁၂၀) မမ လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ေလက်မမျှ နောက်မဆုတ်တမ်း မလျော့သောလုံ့လနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်တွေကို ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့်  အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ဆုံဆည်းမြိုင်ကျေးရွာမှာ အခြေပြုထားသော စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ (၁၂၀) မမ လက်နက်ကြီးတွေဟာ သေ့ဘော့ဘိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up