close

NUG နိုင်ငံ‌ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နေအိမ် ချိပ်ပိတ်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နေထိုင်ခဲ့တဲ့ မြောက်ဥက္ကလာပ (ဂ) ရပ်ကွက်၊ နီလာ (၃) လမ်းမှာရှိတဲ့ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ အရပ်ဝတ်အဖွဲ့တွေက နိုဝင်ဘာ ၉ ရက် ညနေပိုင်းမှာ လာပြီး ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကတည်းက ပျဉ်းမနားခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဒေါ်သန္တာညွန့် လက်မှတ်ပါ အမိန့်နဲ့ ဝရမ်းတစောင်၊ ဆင့်ခေါ်စာတစောင် အထုတ်ခံထားရပြီးတဲ့နောက် နိုဝင်ဘာ ၉ ရက်နေ့မှာတော့ နေအိမ်ကို လာရောက်ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

အဲဒီလို လာချိပ်ပိတ်တဲ့အချိန်မှာ စစ်သားတွေတော့မပါဘဲ ရဲတွေနဲ့ အရပ်ဝတ်တွေက ဒေါ်ဇင်မာအောင် နေထိုင်ခဲ့တဲ့အိမ်ကို ရောက်လာပြီး ချိပ်ပိတ်သွားတာလို့ ရပ်ကွက်နေပြည်သူတယောက်က ပြောပါတယ်။

ကပ်ထားတဲ့ တရားရုံးဆင့်ခေါ်စာ အချက်အလက်တွေအရ ‌စစ်ကောင်စီဘက်က NUG ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ ကျင့် ၅၁၂ နဲ့ တရားစွဲဆိုထားတာကို တွေ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှာ နေပြည်တော် ပုဗ္ဗသီရိတရားရုံးမှာ ထုချေလွှာတင်သွင်းရမယ်လို့ ရေးထားပါတယ်။

အဲဒီအိမ်က ဒေါ်ဇင်မာအောင်ရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တာဖြစ်ပြီး အင်္ဂလိပ်စာသင်တန်း ပေး‌နေတဲ့ စာသင်ခန်းလည်း ဖြစ်ပါတယ်။

အခုလို နေအိမ်ချိပ်ပိတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေါ်ဇင်မာအောင်ဘက်က ဘာမှတုံ့ပြန်တာမျိုး မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up