close

သထုံမြို့နယ် ပစ်ခတ်မှုတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်အတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ ပြည်သူတဦးအား ဖမ်းဆီးလာတဲ့ စစ်ကောင်စီ ကားတစီးကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ကင်းလှည့်ပြီး ပြန်လာစဉ် မသင်္ကာတဲ့အတွက် တားဆီးပစ်ခတ်ရာကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉) လေ့ကျင့်ရေး တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးလာတဲ့ ပြည်သူတဦးလည်း လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ကင်းလှည့်ပြီး ပြန်လာတာ၊ ဝင်းစိန်ကျေးရွာအရောက်မှာ အမဲရောင်ကားတစ်စီးကို မသင်္ကာလို့ စောင့်ကြည့်ပြီး ဝင်ရောက်ပစ်လိုက်တာ၊ ဒုတပ်ရင်းမှူး အပါအဝင် ၃ ယောက်တော့ သေသွားတယ်၊ တယောက်တော့ လွတ်သွားတယ်”လို့ သထုံမြို့နယ် (ပကဖ) တာဝန်ခံက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံကနေ သေနတ် ၃ လက်၊ ဖုန်း ၄ လုံး အပါအဝင် ကျည်ဆန်တွေနဲ့ ငွေကျပ် သိန်း ၂၀ ကျော်ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ ဝင်းစိန်ကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံ နေအိမ်တွေကို တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးတာတွေ လုပ်ဆောင်နေသလို ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ သေဆုံးတဲ့ စစ်ကောင်စီ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူဟာ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ မီးရှို့မှာ အဓိက ပါဝင်သူ ဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးတာအပြင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတာ၊ ကားမှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သထုံမြို့နယ်(ပကဖ)က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up