close

ပြည်ပက တင်သွင်းသည့် လျှပ်စစ်ကားများအတွက် အကောက်ခွန်နှုန်း လျှော့ချ

ပြည်ပကတင်သွင်းတဲ့ လျှပ်စစ်သုံးယာဉ် အမျိုးအစားတွေအတွက် အကောက်ခွန်နှုန်းထားတွေ သုညရာခိုင်နှုန်းကို လျှော့ချသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်ပကနေ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ်နဲ့ Semi-knocked Down-SKD စနစ်တို့နဲ့ တင်သွင်းတဲ့ ဘက်ထရီကနေ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်တဲ့ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle- BEV) အမျိုးအစားတွေ အတွက် အကောက်ခွန်နှုန်းတွေကို သုညရာခိုင်နှုန်းကို လျှော့ချသတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်တွေ အသုံးပြုမှုနဲ့ ဆက်စပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အကောက်ခွန်နှုန်းထား သုညရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ပေးလိုက်တဲ့ လျှပ်စစ်ယာဉ် အမျိုးအစားတွေထဲမှာ လမ်းပေါ်မောင်းနှင်နိုင်တဲ့ နောက်တွဲယာဉ်ကို ဆွဲတဲ့ယာဉ်၊ ခရီးသည်တင် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးတပ်ယာဉ်၊ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ ထောင်ကားနဲ့ နိဗ္ဗာန်ယာဉ် စတဲ့ယာဉ်အမျိုးအစားတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထက်ပါ လျှပ်စစ်သုံးယာဉ်တွေနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေကိုလည်း အကောက်ခွန် သုညရာခိုင်နှုန်း လျှော့ချသတ်မှတ်တဲ့အထဲ ထည့်သွင်းထားပါတယ်။

ဒီလို ပြည်ပကတင်သွင်းတဲ့ လျှပ်စစ်ယာဉ်တွေနဲ့ ဆက်စပ်အပိုပစ္စည်းတွေအပေါ် အကောက်ခွန်နှုန်း သုညရာခိုင်နှုန်းကို လျှော့ချသတ်မှတ်မှုက အခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ကစ အကျုံးဝင်မှာဖြစ်ပြီး ၂ဝ၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်မယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up