အင်္ဂလန်လူစာရင်းတွင် မက်ဂွဲယားနှင့် ဒိုင်ယာတို့ပါဝင်လာသည့်အပေါ် ပရိသတ်များလှောင်ပြောင်

ကမ္ဘာ့ဖလားယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ နောက်ခံလူမက်ဂွဲယားနဲ့ အဲရစ်ဒိုင်ယာတို့ပါဝင်လာခဲ့တဲ့အပေါ် ပရိသတ်တွေကလှောင်ပြောင်ခဲ့ကြပါတယ်။
မန်ယူ နောက်ခံလူ မက်ဂွဲယားဟာ ကလပ်အသင်းမှာစတုတ္ထမြောက်ဦးစားပေးကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာတစ်ပွဲပဲ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ဖူးတာပါ။
စပါးနောက်ခံလူ အဲရစ် ဒိုင်ယာဟာလည်း တစ်ဦးချင်း အမှား တွေကြောင့် သွင်းဂိုးတွေခွင့်ပြုရလေ့ရှိသူပါ။
ပရိသတ်တစ်ဦးကတော့ အေစီမီလန်နောက်ခံလူ တိုမိုရီကို ချန်လှပ်ပြီး မက်ဂွဲယားနဲ့ အဲရစ်ဒိုင်ယာကိုရွေးချယ်တာဟာ ရာဇဝတ်မှုဖြစ်ကြောင်း တွစ်တာမှာမှတ်ကချက်ပေးခဲ့ပါတယ်။
ဒါ့အပြင် တိုမိုရီဟာ ဒိုင်ယာ၊ ကိုအာဒီနဲ့ မက်ဂွဲယားတို့ လောက် မကောင်းဘူးဆိုတာက ရယ်စရာကောင်းကြောင်း ပရိသတ်တစ်ဦးကဆိုပါတယ်။
နောက်ထပ်ပရိသတ် တစ်ဦးကတော့ အဲရစ်ဒိုင်ယာနဲ့ မက်ဂွဲယားတို့ထက်စာရင် အာဆင်နယ်နောက်ခံလူ ရော့ဟိုးဒင်းက တောင် ရွေးချယ်ခံရဖို့ ပိုမိုထိုက်တန်ကြောင်းအရွှန်းဖောက်သွားခဲ့ပါတယ်။
အင်္ဂလန်လူစာရင်းမှာ လက်စတာက မက်ဒီဆန်ကိုရွေးချယ်တဲ့အပေါ် ပရိသတ်တွေက ကျေနပ်ခဲ့ကြပေမယ့် ဆောက်သမ်တန် အသင်းခေါင်းဆောင်ဝက်စ်ပရောက်ကို ချန်လှပ်ပြီး ချဲလ်ဆီးက ဂေါ်လဂါကို ရွေးချယ်တဲ့အပေါ်မှာလည်းဝေဖန်မှုတွေများခဲ့ပါတယ်။