close

ယူကရိန်းက လက်လုပ်လေယာဉ်ပစ်လက်နက်ဖြင့် ရုရှားဒရုန်းများကို ပစ်ချ

ယူကရိန်းစစ်သားတွေဟာ သူတို့ရဲ့ လက်လုပ်လေယာဉ်ပစ်လက်နက်ကို နိုဝင်ဘာ ၉ ရက်က ထုတ်ပြခဲ့ပြီး ရုရှားဒရုန်းတွေကို ပစ်ချရာမှာ အောင်မြင်မှုနှုန်း မြင့်မားတယ်လို့ အခိုင်အမာ ပြောကြပါတယ်။

မိုက်ကိုလေ့ဗ်မှာ ဖန်တီးထုတ်လုပ်ထားတဲ့ လက်နက်ဟာ ပြုပြင်ထားတဲ့ယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေ တွဲလျက်ပါရှိပြီး ယူကရိန်းရဲ့ အမျိုးသားအစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေက အရပ်ဘက်နည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီဇိုင်းဆွဲခဲ့တာပါ။

“ယူကရိန်းနိုင်ငံတခုလုံး စည်းလုံးညီညွတ်လာတဲ့အခါ ကြီးကြီးမားမား အကြံဉာဏ်တွေနဲ့ ပရောဂျက်တွေ မွေးဖွားလာမှာပါ” လို့ ယူကရိန်းအမျိုးသားအစောင့်တပ်မှ သတင်းအရာရှိ ဒီမီထရို ဟော်ဘက်ချီခ်က ပြောပါတယ်။

ယူကရိန်းဟာ ရုရှားမောင်းသူမဲ့လေယာဉ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ပစ်ချနိုင်ခဲ့တယ်လို့ မိုက်ကိုလေ့ဗ် စစ်အုပ်ချုပ်ရေးဒေသရဲ့ သတင်းပြန်ကြားရေးအရာရှိ ဒီမီထရို ပလက်တန်ချော့ခ်က ပြောပါတယ်။

“ဒါဟာ အလွန်မြင့်မားတဲ့ အရေအတွက်ပါ။ ဘာကြောင့်လဲဆိုတော့ လေကြောင်းပစ်မှတ်တွေကို ၁၀၀ ရာခိုင်နှုန်း လျှော့ချဖို့ အရမ်းခက်ခဲတယ်” လို့ သူက ဆိုပါတယ်။

အီရန်နိုင်ငံဟာ ရုရှားနိုင်ငံကို ဒရုန်းတွေ ထောက်ပံ့ပေးခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်က ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါပေမဲ့ မော်စကိုတပ်ဖွဲ့တွေ ယူကရိန်းကို မကျူးကျော်မီ လအနည်းငယ်အလိုက ပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း အရပ်သားတွေရဲ့ အခြေခံအဆောက်အအုံတွေကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ဓာတ်အားပေးစက်ရုံတွေနဲ့ ရေကာတာတွေကို ပစ်မှတ်ထားပြီးတော့ အီရန်လုပ် ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ပိုများပြားလာကြောင်း ယူကရိန်းက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up