ဒဏ်ရာရ ယူကရိန်းအကျဉ်းသား ၁၀၇ ဦး ပြန်လွတ်မြောက်

ရုရှားနဲ့ အကျဉ်းသားလဲလှယ်မှု အစီအစဉ်မှာ ဒဏ်ရာရ ယူကရိန်းစစ်သား ၁၀၇ ယောက်ကို လွှတ်ပေးခဲ့ကြောင်း ယူကရိန်းသမ္မတရုံး အကြီးအကဲ အန်ဒရီယေ ယာမက်က တယ်လီဂရမ်မှာ နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့ပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ မာရီယူပိုလ်က ကာကွယ်ရေးတပ်သား ၇၄ ယောက် ပါဝင်ခဲ့ပြီး တချို့ဟာ မတ်လတုန်းက ဒဏ်ရာတွေရရှိခဲ့ကြောင်း အန်ဒရီယေ ယာမက်က ပြောပါတယ်။
အဲဒီစစ်သားတွေထဲက တယောက်ဟာ အိုလန်နိဗ်ကာစခန်းမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဇူလိုင်လက အိုလန်နိဗ်ကာစခန်းကို တိုက်ခိုက်မှုကြောင့် မာရီယူပိုလ်ရှိ အာဇော့ဗ်စတယ်လ် သံမဏိစက်ရုံမှာ ခုခံကာကွယ်ခဲ့ကြတဲ့ စစ်သားတွေအများစုပါဝင်တဲ့ ယူကရိန်းစစ်သုံ့ပန်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းအကျဉ်းသားတွေအပေါ် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်တာကို ဖုံးကွယ်ဖို့ အကျဉ်းခန်းတန်းလျားတွေကို မီးရှို့တာဖြစ်ကြောင်း ယူကရိန်းက ရုရှားကို စွပ်စွဲထားပါတယ်။
ရုရှားအာဏာပိုင်တွေကတော့ ယူကရိန်းဒုံးကျည်တစင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။