close

ကသာတွင် မီတာခမဆောင်သည့် နေအိမ်များကို စစ်တပ်နှင့် ဝန်ထမ်းများက မီးလိုက်ဖြတ်

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ နိုဝင်ဘာ ၁၀ရက် မနက်ပိုင်းက မီတာမဆောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီဩဇာခံ မြို့နယ်လျှပ်စစ်ရုံး ဝန်ထမ်းတွေက မီးကြိုးတွေ လိုက်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ လျှပ်စစ်ရုံးဝန်ထမ်းတွေက မီတာခမဆောင်တဲ့ နေအိမ်တွေကို မီးလိုက်ဖြတ်နေတာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတယောက်က “မနက် ၁၀ နာရီလောက်က စစ်သားတွေ ရဲတွေနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေ လာပြီး မီတာမဆောင်တဲ့ အိမ်တွေကို မီးလိုက်ဖြတ်တာ။ မဆောင်တဲ့ အိမ်တွေက များတော့ တလမ်းလုံးနီးပါးကို ထရန်စဖော်မာကနေ အဖြတ်ခံရတာ” လို့ ပြောပါတယ်။

မီတာကြေးကောက်ခံရာမှာ ၂၀၂၁ ခုနှစ်အတွက်ပါ ပေးဆောင်စေဖို့ အောက်တိုဘာ လဆန်းပိုင်းက မီတာစာရွက်တွေ လိုက်ပေးခဲ့ပြီး မပေးဆောင်တဲ့နေအိမ်တွေကို မီးလိုက်ဖြတ်တောက်နေတာပါ။

မီးဖြတ်ခံရသူတယောက်က “ပြီးခဲ့တဲ့ ၂၀၂၁ ကာလက မီတာခတွေပါ ဆောင်ဖို့ စာရွက်တွေ လာပေးတယ်။ ဒီလောက် စီးပွားရေးတွေ ကျပ်တည်းနေတာ အားလုံးဆောင်ရမှာ၊ မဆောင်နိုင်လို့ သွားမဆောင်တော့ မနက်က မီးလဖြတ်သွားတယ်” လို့ ပြောပါတယ်။

ကသာမြို့ အမှတ် ၁  ရပ်ကွက်၊ ၂  ရပ်ကွက်၊ ၈ ရပ်ကွက်နဲ့ ကျေးရွာတွေဖြစ်တဲ့ ရေဘုတ်၊ ဝဲကြီး၊ ကြာအင်းကုန်း၊ ပန္နဲချောင်၊ ပန်းသေ စတဲ့ကျေးရွာတွေက နေအိမ်တွေဟာ မီတာခမဆောင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးဖြတ်တောက်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up