close

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာသားများကိုသတ်ဖြတ်၊ ရွာမီးရှို့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်ညက ကျေးရွာသား ၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်သွားပြီး လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွာသားတွေကပြောပါတယ်။

လက်ရှိ သတ်ဖြတ်ခံရပြီး အလောင်းတွေ့ရသူတွေကတော့ ဦးမောင်မောင်သိန်း၊ ဦးမောင်စံလှ၊ ဦးခင်မောင်၊ ဦးမောင်ကျော်သိန်း၊ ဦးစံ၊ ဒေါ်ယိုင်ညွှန်ဖြူ (၈၀နှစ်)နဲ့ ဆေးဆရာတစ်ဦးတို့ဖြစ်ပြီး နေအိမ် ၇ လုံးကိုလည်း မီးရှို့ခဲ့တာဖြစ်ပါတယ်။

ကျေးရွာသားတစ်ဦးက “အခုကျနော်တို့ တွေ့ထားတာက အလောင်း ၇ လောင်းရှိနေပြီး။ ရွာထဲမှာလည်း ထပ်ရှိနိုင်သေးတယ်။ စစ်သားတွေက ရှိနေတော့ ဝင်လို့မရသေးဘူး။ နောက်ထပ် ၁၁ ဦးလောက်လည်း အဆက်အသွယ် မရဘဲပျောက်နေတယ်။ အိမ်လည်း ၇ ဆောင်လောက် မီးရှို့သွားတယ်။ လောလောဆယ်တော့ ဒါပဲ သိရသေးတယ်"လို့ပြောပါတယ်။

ဆင်အင်းကြီးကျေးရွာကို မနေ့ ညနေပိုင်း ၅ နာရီလောက်ကတည်းက စစ်ကောင်စီတပ်သားတွေက မီးရှို့နေတာဖြစ်ပြီး ရွာထဲမှာ အသက်ကြီးပိုင်းတွေသာ ကျန်ခဲ့ကာ အခုသတ်ဖြတ်ခံရသူတွေဟာလည်း အသက်ကြီးပိုင်တွေသာဖြစ်ပါတယ်။

ဆင်အင်းကြီးရွာသားတယောက်က ‘ဆင်အင်းကြီးကျေးရွာကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်(...)အင်အား ၂၀ လောက်ဝင်ရောက်မီးရှို့ပြီး နောက်ထပ် စစ်(...) ၂၀ လောက်ထပ်မံရောက်ရှိကာ ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြတယ်”လို့ ပြောပါတယ်။

မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ ရိက္ခာတင်ယာဥ် ၃ စီးကို အေအေက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဥ်၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကျေးရွာ ၃ ရွာက ဒေသခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆင်အင်းကြီးဒေသခံ တယောက်က “ကျနော်တတို့ရွာဘက်တွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်လို့ ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံပုန်းအောင်းနေကြရတယ်။ သူတို့ စစ်ကောင်စီတပ်သားတွေက ရွာထဲမှာ မီးရှို့ ဖျက်ဆီးနေကြတာ။ ရဟတ်ယာဥ်ကတော့ ခလရ ၂၀ ဘက်ကိုပြန်သွားပြီ။”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကလက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ကာ တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ၂ ကြိမ် ၃ နာရီလောက်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အိုင်ဒင်(ရွာသစ်)က အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်စိုးဝင်းဦးမှာ ဘယ်ဘက်ပေါင်ရင်းထိမှန်ဒဏ်ရာရခဲ့သလို အသက် ၅၆ နှစ်အရွယ် ဒေါ်မနုချေမှာ ခါးဆစ်နောက်ဘက်မှာ ဒဏ်ရာရသွားပါတယ်။

ဒါ့အပြင် ငှက်ကြီးကျွန်းရွာက အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ခင်မောင်ထွန်း ဘယ်ဘက်ဒူးခေါင်းမှာ ဒဏ်ရာရပြီး ယာချောင်းရွာက အသက် ၆၆ နှစ်အရွယ် ဦးဦးစောရဲ့ ညာဖက်ဒူးဆစ်အထက်မှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် မြို့နယ် အစပ်က နနွင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ပိုင်းမှာ ရက္ခိုင့်တပ်တော် AA က ရွက်ညိုးတောင်နားမှာ  တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အခင်းဖြစ်ပွားတဲ့ ဆင်အင်းကြီးကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာတွေက ရွာသူရွာသားတွေ ထောင်နဲ့ချီ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up