ခါဆွန်မြို့ရှိ နိုဗာခါခေ့ါဗ်ကာ ရေကာတာ ပေါက်ကွဲ

ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆွန်မြို့က နိုဗာ ခါခေ့ါဗ်ကာ ရေကာတာမှာ ပေါက်ကွဲခဲ့ပုံ ဗွီဒီယိုဖိုင်ကို နိုဝင်ဘာ ၁၂ ရက်မှာ ရုရှားမီဒီယာက ထုတ်လွှင့်ပြသခဲ့ပါတယ်။
အနားက ခါဆွန်မြို့ကနေ ရုရှားတပ်တွေ ပြန်ဆုတ်ပြီးတဲ့နောက် ဆည်အတွက် ထူးထူးခြားခြား အပျက်အစီးအသစ်တွေကို မြင်တွေ့နိုင်တယ်လို့ အမေရိကန် ဂြိုဟ်တုဓာတ်ပုံကုမ္ပဏီ မက်ဇာက နိုဝင်ဘာ ၁၁ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးဟာ ဖောက်ခွဲရေးပစ္စည်းတွေသုံးပြီး ဆည်ကိုဖောက်ခွဲဖို့ စီစဉ်နေ တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့တာပါ။
မြစ်အောက်ပိုင်းမှာ ဧရိယာအများစု ရေလျှံပြီး ခါဆွန်မြို့အနီးတဝိုက်မှာ ကြီးကြီးမားမား ပျက်စီးမယ့် အလားအလာတွေ ရှိနေပါတယ်။
ရုရှားအစိုးရက အိမ်နီးနားချင်း ယူကရိန်းကို ဖေဖော်ဝါရီနှောင်းပိုင်းမှာ အထူးစစ်ဆင်ရေးလို့ ခေါ်ရင်း ကျူးကျော် တိုက်ခိုက်ခဲ့တာပါ။
ခါဆွန်မြို့ဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ရုရှားတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တခုတည်းသော ဒေသတွင်းမြို့တော် ဖြစ်ခဲ့ပါတယ်။
ဒနစ်ပရို မြစ်ကို ဖြတ်ပြီး ရုရှားက ဆုတ်ခွာအပြီးမှာ တံတားတွေနဲ့ နိုဗာ ခါခေါ့ဗ်ကာ ရေကာတာ အတွက် သိသာထင်ရှားတဲ့ အပျက်အစီးအသစ်တွေကို ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြနေပါတယ်လို့ မက်ဇာက သတင်းထုတ်ပြန် ထားပါတယ်။
ဆည်နဲ့ ရေထိန်းတံခါးတွေရဲ့ မြောက်ပိုင်း အစိတ်အပိုင်းတွေကို တမင်တကာ ဖျက်ဆီးထားတာ လို့လည်း ဆိုပါတယ်။ ခုသီတင်းပတ် အစောပိုင်းမှာ ယူကရိန်းဟာ ရေကာတာကို ပစ်ခတ်ခဲ့တယ် လို့ ရုရှားက စွပ်စွဲခဲ့ပါတယ်။