close

အနာဂတ်ကပ်ရောဂါအတွက် ရန်ပုံငွေ မလုံလောက်ဟု အင်ဒိုနီးရှား သမ္မတပြော

အနာဂတ်ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုမြှင့်တင်ရန် ယခုအချိန်အထိ စုဆောင်းထားတဲ့ ရန်ပုံငွေ ပမာဏက မလုံလောက်သေးဘူးလို့  အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀အဖွဲ့ G- 20ရဲ့ ကပ်ရောဂါ ရန်ပုံငွေစတင် မိတ်ဆက်ပွဲမှာ နိုဝင်ဘာ ၁၃ ရက်က ပြောလိုက်ပါတယ်။

 G- 20ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက စတင်တည်ထောင်တဲ့ ရန်ပုံငွေဟာ ကပ်ရောဂါကို ထောက်လှမ်းခြင်း၊ သုတေသနပြုခြင်းနဲ့ ကာကွယ်ဆေးရရှိမှု ပိုမို ကောင်းမွန်စေခြင်းစတဲ့ ကြိုးပမ်း အားထုတ် မှုတွေအတွက် ရန်ပုံငွေ ထောက်ပံ့ရာမှာ ဝင်ငွေ နည်းကနေ ဝင်ငွေ အလယ်အလတ် ရှိတဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယယ်လန်က ရန်ပုံငွေဟာ အနာဂတ် ကူးစက်ရောဂါတွေ အတွက် ပိုကောင်းတဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ ကပ်ရောဂါ ကာကွယ်ရေး ကြိုတင်ပြင်ဆင်ရာမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှား၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အလှူငွေတွေအပြင် ဘီလ် အန် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းလို အလှူရှင်တွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေက အလှူငွေတွေ အပါအဝင် ဒေါ်လာ ၁.၄ ဘီလီယံလောက် စုဆောင်းရရှိထားပြီးပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေဟာ ဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ကာကွယ်ဆေးလို အရင်းအမြစ်များစွာကို မကြာခဏ သိုလှောင်ထားချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သူတို့ရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီ ဖွံ့ဖြိုးဆဲနိုင်ငံ များစွာအကြား ဒေါသတွေ ဖန်တီးခဲ့ပါတယ်။

ရန်ပုံငွေရဲ့ အုပ်ထိန်းသူအဖြစ်ဆောင်ရွက်မယ့် ကမ္ဘာ့ဘဏ်နဲ့ သူ့ကို အကြံပေးနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကပ်ရောဂါကြိုတင်ပြင်ဆင်မှုအတွက် နှစ်စဉ်ရန်ပုံငွေကွာဟ ချက်မှာ ဒေါ်လာ ၁၀.၅ ဘီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up