close

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင် တက္ကဆက်ပြည်နယ်အထူးပွဲမှ ရန်ပုံငွေ ဒေါ်လာ၉၅၀၀ ကျော်ရရှိ

သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့  ‘မသောက်မိသောမိုးခါးရေ’ ရုပ်ရှင်အထူးပွဲကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒဲလ်လတ်စ်မြို့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်ကပြသခဲ့ရာမှာ  ရန်ပုံငွေဒေါ်လာ ၉၅၀၀ ကျော် (ငွေကျပ်သိန်း ၂၆၀ကျော်) ရရှိခဲ့ပါတယ်။

ရုပ်ရှင်အထူးပွဲကို မွန်းလွဲ ၁ နာရီနဲ့ ညနေ ၄ နာရီ ၂ ပွဲ ပြသခဲ့ပြီးပွဲဖြစ်မြောက်ဖို့ ”Dallas Chin Baptist Church” က နေရာ စီစဉ်အကူအညီပေးခဲ့တာပါ။

ရရှိတဲ့ရန်ပုံငွေ ဒေါ်လာ ၉၅၀၀ ကျော်ထဲက ကုန်ကျစရိတ်တချို့ကိုဖယ်ပြီး အလှူငွေအားလုံး ဒါရိုက်တာကိုပေါက်ရဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေထဲကိုပေးပို့မယ်လို့ DFW Myanmar Ethnic Community မှာပါဝင်တဲ့ ကိုဇာနည်ဝင်းက ပြောပါတယ်။

ရုပ်ရှင်ပြပွဲကို တက်ရောက်အားပေးခဲ့တဲ့သူ ၁၀၀ ကျော်ရှိခဲ့ကာ တက္ကဆက်ပြည်နယ်အနှံ့က လာရောက် အားပေးကြတာပါ။

ရုပ်ရှင်မပြခင် ဒါရိုက်တာကိုပေါက်က အွန်လိုင်းကနေ နှုတ်ဆက်စကားပြောပေးပြီး ဂီတာနဲ့ သီချင်းဆိုဖျော်ဖြေခဲ့ပါတယ်။ ဒါ့အပြင် ကိုပေါက်ရေးဆွဲထားတဲ့ "ဆင်စွယ်အပြည့်နဲ့ပင်လယ်" ပန်းချီကားကို ပွဲမှာလေလံတင်တာ ဒေါ်လာ ၁၀၀၀ အထိရခဲ့ပါတယ်။

ရုပ်ရှင်အထူးပွဲမှာ "မိုးခါးရေ"လိုဂိုပါ Hoodie နဲ့ တီရှပ်တွေကို ရန်ပုံငွေရရှိရေးအတွက် ရောင်းချပေးခဲ့ပြီး မြန်မာ့ရိုးရာအစားအသောက်တွေကိုလည်း ရောင်းချပေးခဲ့ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ခွန်အားဖြစ်စေမယ့် ဒါရိုက်တာကိုပေါက်ရဲ့ ‘မသောက်မိသောမိုးခါးရေ’ ရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပြီး ကမ္ဘာတဝန်း နိုင်ငံတော်တော်များများမှာ ပြသနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up