close

ဘူးသီးတောင်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး လက်ပစ်ဗုံးဖောက်ခွဲပြီး သတ်သေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၈) တပ်ဖွဲ့ဝင်တယောက်ဟာ နိုဝင်ဘာ ၁၄ ရက် မနက် ၁၀ နာရီလောက်က  လက်ပစ်ဗုံးဖောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ရဲတပ်ရင်းနှင့်နီးစပ်သူတွေဆီက သိရပါတယ်။

"မနေ့က မနက်ပိုင်းမှာဖြစ်သွားတာ လို့သိရတယ်။ လက်ပစ်ဗုံးဖောက်ပြီး သတ်သေသွားတာတဲ့။ သေဆုံးတာ တယောက်တည်း၊ နောက်ထပ်တပ်ဖွဲ့ဝင်တွေ မပါဘူးလို့ သိရတယ်။ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ သူက အရက်သေစာလည်း မသောက်စားတတ်ဘူး။ လူနဲ့လည်း ရန်ဖြစ်တာမရှိဘူး” လို့ အမည်မဖော်လိုတဲ့ရဲအရာရှိတဦးက အတည်ပြုပြောပါတယ်။  

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူမှာ အသက် ၃၀ နှစ်အရွယ် တပ်ကြပ်စိုးပိုင် ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲမူကြောင့် ဦးခေါင်းနောက်စိ ပွင့်ထွက်ဒဏ်ရာရရှိပြီး ဘူးသီးတောင်ဗျူဟာစစ်ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ နီးသူတွေဆီက သိရပါတယ်။

"ဆေးကုသယင်းသေဆုံးသွားတာ လို့သိရတယ်ဗျ။ ဘူးသီးတောင်က မွတ်ဆလင်လူငယ်တွေ တည်တောင်ထားတဲ့ ဆီမီးခွက် နာရေးကူညီမှုအသင်းကို အကူညီတောင်ပြီး မနေ့ကညနေမှ သင်္ဂြိုဟ်လိုက်ကြတယ်” လို့ ရဲအရာရှိက ပြောပါတယ်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၈) ဟာ ဘူးသီးတောင်-အငူမော်လမ်းမှာ တည်ရှိတဲ့ စခန်းတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း မောင်တောမြို့အဝင်ရှိ နခခ(၅)အတွင်း လက်နက်ပေါက်ကွဲမှုတခုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီအရာရှိ ၂ ဦးအပါအဝင် ၆ ဦး ဒဏ်ရာအပြင်းအထန်စွာရရှိပြီး မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမူခံယူခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up