ကွန်ဂိုတွင် တိုက်ပွဲများကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ စစ်တပ်နဲ့ M23 သူပုန်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နိုဝင်ဘာ ၁၄ ရက်က နိုင်ငံအရှေ့ပိုင်းရှိ ယာယီစခန်းတခုမှ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ပွဲတွေဟာ အဓိကကျတဲ့ အရှေ့ဘက် ဂိုမာမြို့အနီးကို ရောက်ရှိလာခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောပါတယ်။
သံတမန်ရေးအရ ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေအကြား ရွှေ့ပြောင်းအခြေချ လှိုင်းသစ်တွေလည်း ဖြစ်လာရတယ်လို့ ဆိုပါတယ်။
မကြာသေးခင်ရက်တွေအတွင်း ဂိုမာကနေ ၁၅ ကီလိုမီတာကွာဝေးတဲ့ ကီဘာတီရွာကို လူရာပေါင်းများစွာ ထွက်ပြေးခဲ့ကြပါတယ်။ ကီဘာတီမှာ ပြီးခဲ့တဲ့လက ပြည်တွင်း နေရပ်စွန့်ခွာသူတွေအတွက် စခန်း ၃ ခု ထူထောင်ထားပါတယ်။
တချို့ကလည်း တောင်ပိုင်းကို ထွက်ပြေးသွားသူတွေရဲ့ စွန့်ပစ်ခဲ့တဲ့ နေအိမ်တွေထဲ ဝင်ရောက်ခိုလှုံ နေထိုင်ကြကြောင်း ရိုက်တာသတင်းထောက်တဦးက ပြောပါတယ်။
ထွက်ပြေးလာတဲ့ အမျိုးသမီးတဦးက သူ့ကလေးတွေနဲ့အတူ ထွက်ပြေးလာသူတွေဟာ M23 ကို ထိပ်တိုက်မတွေ့ခဲ့ရပေမဲ့ M23 က သူတို့ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းစကားတခု ရလာတာကြောင့် ထွက်ပြေးခဲ့ရတာလို့ ပြောပါတယ်။
မလုံခြုံမှုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တားဆီးထားပါတယ်။
မြောက်ပိုင်း ကီဗူးပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက်က တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပြီး M23 အဖွဲ့ဟာ အောက်တိုဘာ ၂၀ ရက်က နောက်ဆုံးထိုးစစ်စတင်ပြီးနောက် တပတ်လောက် ငြိမ်သက်သွားခဲ့ပါတယ်။
ကီဘွမ်ဘာ၊ ရူဂါရီနဲ့ တွန်ဂိုရွာတွေအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်း ကီဗူး စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မြောက်ပိုင်း ကီဗူးပြည်နယ်မှာ အောက်တိုဘာ ၂၀ ရက်ကစပြီး အနည်းဆုံး လူ ၁၈၈,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။
M23 သူပုန်အဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ အိမ်နီးချင်း ရဝမ်ဒါနဲ့ ယူဂန်ဒါနိုင်ငံတွေအတွင်းကို မောင်းထုတ်ခံခဲ့ရပြီးနောက် အခုနှစ်မှာတော့ ကွန်ဂိုအရှေ့ပိုင်းမှာ ကြီးကြီးမားမား ပြန်ရောက်လာကြတာ ဖြစ်ပါတယ်။