အာဂျင်တီးနားတွင် ဆရာဝန်နှင့် သူနာပြုများ ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဟာ အခုနှစ်မှာ ၁၀၀ ရာခိုင်နှုန်းတက်ဖို့ ရှိနေတာကြောင့် ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ နိုဝင်ဘာ ၁၄ ရက်က ဗြူနိုအေရီးစ်ရဲ့ လမ်းတွေပေါ် ထွက်လာကြပြီး လစာတိုးမြှင့်ရေးနဲ့ ပိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တောင်းဆိုခဲ့ကြပါတယ်။
ဂျူတီကုတ် အဖြူရောင်တွေဝတ်ပြီး ဖယောင်းတိုင်မီးတိုင်တွေ ကိုင်ဆောင်ထားရင်း “ကျန်းမာရေးစောင့်ရှောက်မှုက ပိတ်ထားလို့မရဘူး” ဆိုတဲ့ ဆောင်ပုဒ်ကို ကြွေးကြော်ကြတဲ့ အာဂျင်တီးနားမြို့တော်မှ သူနာပြုတွေနဲ့ ဆရာဝန်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာ လစာနည်းတဲ့ အလုပ်အကိုင်တွေနဲ့ နိမ့်ကျဆိုးရွားတဲ့ အလုပ်သမားရေးရာ အခြေအနေတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာလုပ်သား အားနက်စ်တို အာဘေချန်က မြို့တော်မှာ အိမ်ငှားခက ပီဆို ၇၀,၀၀၀ ရှိပြီး သူ့လို ပရော်ဖက်ရှင်နယ်တယောက်က တလကို ပီဆို ၁၀၀,၀၀၀ ကျော်ပဲ ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မသုံးမဖြစ်ကိစ္စတွေ၊ ပြုပြင်ထိန်းသိမ်းမှု၊ နေထိုင်မှုစရိတ်တို့ကို ပေးဆောင်ရဦးမှာဖြစ်ပြီး ပြောရရင် အသက်ရှင်ရုံသာသာပဲ ရှိတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်အခြေအနေတွေ ပိုကောင်းမွန်လာစေဖို့ တခြားတောင်းဆိုချက်တွေထဲမှာ အနိမ့်ဆုံးလစာ ပီဆို ၂၀၀,၀၀၀ ရရှိဖို့ စတင်တွန်းအားပေး လုပ်ဆောင်ခဲ့ပြီးနောက် သုံးပတ်နီးပါးအကြာမှာ ချီတက်ပွဲ လုပ်ဆောင်ခဲ့တာပါ။
အခုနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း တက်ဖို့ပြင်နေတဲ့ ငွေကြေးဖောင်းပွမှုဟာ လုပ်အားခထက် ကုန်ဈေးနှုန်းတွေက ကျော်လွန်သွားတာကြောင့် ဒေါသတွေက လမ်းပေါ်ရောက်လာကုန်ကြတာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချမယ့် ဖိအားအောက်မှာ အစိုးရက လူသုံးကုန်ပစ္စည်း ဈေးနှုန်းတွေကို ရပ်တန့်ထားဖို့ နိုဝင်ဘာ ၁၁ ရက် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။