စစ်ပွဲများ မပြီးဆုံးပါက ရှေ့ဆက်ရန်ခက်မည်၊ G20 နိုင်ငံများ စည်းလုံးညီညွတ်ရန် အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

G20 အဖွဲ့ဟာ ကမ္ဘာကို နောက်ထပ် စစ်အေးတိုက်ပွဲထဲ မကျရောက်စေရဘဲ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေရေး စည်းလုံးညီညွတ်မှုရှိကြဖို့ ၂၀၂၂ ခုနှစ် ထိပ်သီးစည်းဝေးပွဲမှာ G20 အဖွဲ့ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက နိုဝင်ဘာ ၁၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
စစ်ပွဲမပြီးဆုံးသေးရင် ကမ္ဘာကြီးက ရှေ့ကိုဆက်ဖို့ ခက်လိမ့်မယ်လို့ ယူကရိန်းစစ်ပွဲကို တိုက်ရိုက်ရည်ညွှန်းတာမရှိဘဲ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ သူက ပြောကြားခဲ့ပါတယ်။
“ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်က အရမ်းလိုအပ်နေပြီး ကိုယ့်လူမျိုးအတွက်သာမက ကမ္ဘာ့ပြည်သူများအတွက်ပါ တာဝန်ရှိနေတာဖြစ်ပြီး အဲဒီတာဝန်ကလည်း စစ်ပွဲကို အဆုံးသတ်ရမယ်လို့ ဆိုလိုတာဖြစ်တယ်” လို့ G20 အိမ်ရှင် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။
ကမ္ဘာကြီးကို အပိုင်းပိုင်းအစိတ်စိတ် မဖြစ်စေသင့်ပဲ နောက်ထပ်ကမ္ဘာစစ် ထပ်ဖြစ်မှာမျိုး မသက်ရောက်စေရဘူးလို့လည်း သူကဆိုပါတယ်။
G20 ရဲ့ အဓိကစီးပွားရေးခေါင်းဆောင်တွေဟာ ယူကရိန်းစစ်ပွဲကြောင့် အကွဲအပြဲတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပေမဲ့ ကမ္ဘာ့စီးပွားရေး ပြန်ကောင်းလာအောင် ကူညီဆောင်ရွက်ဖို့ကို အာရုံစိုက်နိုင်မယ်လို့ အိမ်ရှင်အင်ဒိုနီးရှားက မျှော်လင့်ထားပါတယ်။
ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားဟာ နျူးကလီးယားလက်နက် အသုံးပြုမှုအပေါ် တာဝန်မဲ့စွာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။ ရုရှားကလည်း အနောက်အုပ်စုဟာ ရန်စတဲ့ နျူးကလီးယား စကားလုံးတွေ ပြောခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။
G20 ခေါင်းဆောင်တွေဟာ နျူလက်နက်အသုံးပြုမှု သို့မဟုတ် အသုံးပြုမယ်လို့ ခြိမ်းခြောက်မှု မှန်သမျှကို ရှုတ်ချသွားမှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ G20 ကြေညာချက်ရဲ့ အစောပိုင်းမူကြမ်းတခုအရ သိရပါတယ်။