ရုရှားဒုံးကျည် ပိုလန်နိုင်ငံထဲကျရောက်ပြီး လူ ၂ ဦးသေဆုံး

ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ပိုလန်နိုင်ငံထဲကို ကျရောက်ပြီး အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုဝင်ဘာ ၁၅ ရက် အေပီသတင်းမှာဖော်ပြပါတယ်။
ရုရှား ဒုံးကျည်တစင်းဟာ ယူကရိန်းနယ်စပ်အနီးရှိ ပိုလန်မြို့ငယ်လေးတမြို့ဖြစ်တဲ့ Przewodów မြို့ကိုကျရောက်တာဖြစ်ပြီး ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပိုလန်အစိုးရတာဝန်ရှိသူကတော့ အသေးစိတ်အတည်ပြုပြောဆိုတာမရှိပါဘူး။
ဒါပေမဲ့ ပိုလန်ဝန်ကြီးချုပ်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကော်မတီရဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပနေတယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထွစ်တာလူမှုကွန်ရက်မှာ ရေးပါတယ်။
ပိုလန်နိုင်ငံဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်ပြီး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နေတိုးအဖွဲ့အနေနဲ့ ဘယ်လို တုံ့ပြန်မလဲဆိုတာတော့ မသိရသေးပါဘူး။