ယူကရိန်းတောင်ပိုင်းမြို့ရှိ သီးနှံစက်ရုံများ ရုရှားဒုံးကျည်ထိမှန်

ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ချ်ဇီယာမြို့ အရှေ့တောင်ပိုင်းကို ရုရှားရဲ့ S-300 တာဝေးပစ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်သုံးစင်း ထိမှန်ခဲ့ပြီး သီးနှံကြိတ်ခွဲထုတ်လုပ်တဲ့ စက်ရုံတွေ ပျက်စီးခဲ့တယ်လို့ ဒေသန္တရအုပ်ချုပ်ရေးမှူး အိုလေ စနီးဟျူဘတ်ဗ်က ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှုပမာဏ ဒါမှမဟုတ် အသေအပျောက် ဖြစ်နိုင်ချေ အသေးစိတ်ကိုတော့ သူက မပြောခဲ့ပါဘူး။
ယူကရိန်းတောင်ပိုင်း ခါဆွန်မြို့တစ်ဝိုက်က ရုရှားတပ်ဖွဲ့တွေအတွက် အဓိက ထောက်ပံ့ရေး လိုင်းဖြစ်တဲ့ ခရိုင်းမီးယား- ရုရှား ကားလမ်းနှင့် ရထားလမ်း နှစ်မျိုးပါတဲ့ တံတားမှာ ပေါက်ကွဲမှု ဖြစ်အပြီး ငါးရက်အကြာမှာ ခုလို ရုရှားက ပစ်ခတ်နေတာပါ၊
ရုရှားက ထိန်းချုပ်ထားတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံကနေ မိုင် ၃၀ ဝေးတဲ့ ဇာပိုရစ်ချ်ဇီယာမြို့ဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း မကြာခဏ ပစ်ခတ်တိုက်ခိုက် ခံနေရပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားက သိမ်းပိုက်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ အပြည့်အဝစစ်ရေးကင်းစင်ရေးခွင့်ပြုဖို့ ကုလသမဂ္ဂ အနုမြူအေဂျင်စီ IAEA ရဲ့ တောင်းဆိုချက်တွေကို ရုရှားအစိုးရက လိုက်နာဖို့ အောက်တိုဘာ ၁၃ ရက် ရက်က ပြောခဲ့ပါတယ်။
"ရုရှားဟာ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေး စက်ရုံကနေ သူ့ရဲ့ စစ်လက်နက် ပစ္စည်းတွေကိုသာမက တိုက်ခိုက်ရေးသမားအားလုံးကိုလည်း ဖယ်ရှားရမယ်”လို့ ဇလန်စကီးက ဥရောပပါလီမန်လွှတ်တော် အစည်းအဝေးအတွက် ဗီဒီယိုမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အကြီးအကဲ ရာဖှယ် ဂရော့ဇီဟာ မကြာသေးမီ ရက်ပိုင်းအတွင်းက ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွေဆီ သွားခဲ့ပြီး ဒီစက်ရုံကို စစ်မဲ့ဇုန်အဖြစ် သဘောတူညီချက်ရဖို့ ကြိုးပမ်းခဲ့ပါတယ်။
သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံအပြီးမှာတော့ ဂရော့ဇီက နောက်ထပ် ဆွေးနွေးမှုတွေ အတွက် ကိယက်ဗ်ကို ပြန်သွားပါတယ်။