close

ကလေး PDF အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီး နေအိမ်တလုံး ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေး PDF တပ်ဖွဲ့ဝင် ကိုအောင်ဖြိုးဝေကို နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက အောင်သစ္စာရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုအောင်ဖြိုးဝေကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးမေးမြန်းတာကြောင့် မြို့သာရပ်ကွက်က သူနဲ့နီးစပ်တဲ့ သူငယ်ချင်းဖြစ်သူ ကိုဖိုးချစ်ရဲ့နေအိမ် ချိပ်ပိတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကား ၄ စီးနဲ့လာတာ။ တုတ်ကိုင်ထားတာက ၃ ယောက်။ လက်နက်တွေက လူတိုင်းပါတယ်။ အရင်ဆုံး မြို့ထဲက သူ့ရဲ့အဘွားအိမ်ကို ဝင်ရှာတာ။ ပြီးမှ သူ့ရဲ့အိမ်ကို ဝင်ရှာတာ။ မိသားစုဝင်တွေက ရှောင်တိမ်းခဲ့လို့ ဖမ်းဆီးမခံခဲ့ရတာ။ သူ့အဖေရဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို စစ်သားတွေက အကြမ်းဖက် ဖောက်ထွင်းရေးပစ္စည်းတွေလို့ ပြောဆိုပြီး သိမ်းယူသွားတာ။”

ကိုအောင်ဖြိုးဝေကို တာဝန်သိပြည်သူတဦးရဲ့ သတင်းပေးပို့ချက်အရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ကလေးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ရဲ့ နေအိမ်အပါအဝင် နေအိမ်ပေါင်း ၃၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ထားပြီး ဒေသခံ ၆၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up